ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလအတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကိုလိုနီနယ်ချဲ့လက်အောက်ခံနိုင်ငံများအကြား ကွန်မြူနစ်ဝါဒဟာ အလွန်ခေတ်စားပါတယ်။ ဆင်းရဲမွဲတေ ဖိနှိပ်ခံ အလုပ်သမားလူတန်းစားနဲ့ နင်းပြားများရဲ့ ထွက်ရပ်လမ်းအဖြစ် ကွန်မြူနစ်စနစ်ကို လေ့လာလိုက်စားကြပြီး အကောင်အထည်ဖော်ကြဖို့ တိုးတက်တယ်ဆိုတဲ့ လူငယ်များကြားမှာ အိပ်မက်များ မက်ခဲ့ကြပါတယ်။ လူတန်းစား ကွဲပြားခြားနားမှုပပျောက်ပြီး ပစ္စည်းမဲ့ လူမွဲတို့အတွက် ထွက်ရပ်လမ်း လောကီချမ်းသာဘုံအဖြစ် စိတ်ကူးမျှော်မှန်းခဲ့ကြပြီး နိုင်ငံအသီးသီးမှာ ကွန်မြူနစ်ကလာပ်စည်းများ ဖွဲ့စည်းခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ အဲဒီခေတ်အခါက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင်များဟာ ကွန်မြူနစ်စနစ်ကို စိတ်ကူးယဉ်ခဲ့ကြတာအမှန်ပါပဲ။ ဒါဟာ မြန်မာနိုင်ငံက တိုးတက်တဲ့ လူငယ်များသာမဟုတ်ဘဲ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲထဲမှာ အပါအဝင်ဖြစ်နေကြတဲ့ နိုင်ငံတိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။
မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒို နီးရှား စတဲ့ အာရှနိုင်ငံတွေဟာ အလွန်တိုးတက်အားကောင်းတဲ့ ကွန်မြူနစ် အဖွဲ့အစည်းတွေ ရှိလာခဲ့ပါတယ်။
ကမ္ဘာမှာ ဗြိတိသျှနဲ့ပြင်သစ်တို့ဟာ ကွန်မြူနစ်ကလာပ်စည်းတွေ ဖွဲ့စည်း ဦးဆောင်နိုင်ခဲ့ပေမယ့် တကယ်အကောင်အထည်ဖော်တဲ့နေရာမှာ အဲဒီတုန်း ကတော့ ဆိုဗီယက်ယူနီယံက ထိပ်တန်းကွန်မြူနစ်နိုင်ငံ ဖြစ်ခဲ့တာပါ။
အဲဒီနောက်မှာ အတော့်ကို ကြီးကျယ်အင်အားရှိတဲ့ ကွန်မြူနစ်ပါတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ခဲ့တာက အာရှမှာ တရုတ်၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။ အိန္ဒိယကွန်မြူနစ် ပါတီဟာလည်း ခေါင်းဆောင်ပါတီအဖြစ် ပေါ်ထွန်းခဲ့ပေမယ့် နိုင်ငံတစ်ခု လုံးအနေနဲ့ ခေါင်းဆောင်မှုပေးနိုင်တဲ့ ပါတီအနေနဲ့ မဖြစ်ခဲ့ပါဘူး။
တကယ်တော့ ကွန်မြူနစ်ဝါဒဟာ အာရှမှာတင် မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်ရဲ့သြဇာနဲ့ အရှေ့ဥရောပနိုင်ငံများဟာ ကွန်မြူနစ်စနစ်ကို ထူထောင်ကြဖို့ ဖြစ်လာပြီး အမေရိကန်သြဇာကြောင့် အနောက် ဥရောပနိုင်ငံများက အရင်းရှင်စနစ်ကို လိုက်ကြပါတယ်။
စနစ်နှစ်ခု ပြိုင်ဆိုင်ကြရာမှာ စစ်အေးကာလဆိုတဲ့ ခေတ်ကာလကြီးတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အထိ ဆိုဗီယက်-အမေရိကန် ယှဉ်ပြိုင်မှုက ကြီးကျယ်ခဲ့ပါတယ်။
အဲဒီလို ကွန်မြူနစ်စနစ်နဲ့ အပြိုင်အဆိုင်ထူထောင်ကြတဲ့နေရာမှာ ကြာလာတာနဲ့အမျှ နိုင်ငံတွင်းက ပြည်သူလူထုကြားမှာ ပေါ်ထွန်းလာတဲ့ အဓိက ပြဿနာက ဒီမိုကရေစီပြဿနာ ဖြစ်လာပါတယ်။ အရင်းရှင် ဒီမိုကရေစီနဲ့ ဆိုရှယ်လစ်(ကွန်မြူနစ်) ဒီမိုကရေစီတို့ရဲ့ ကွာခြားမှုက သိသာ ထင်ရှားလာတော့ ပြည်သူတို့ရဲ့ ကွန်မြူနစ်ဝါဒအပေါ် တိမ်းညွတ်မှုဟာ အားလျော့လာပါတယ်။
ဒါကလည်း ကွန်မြူနစ်ဝါဒရဲ့ အခြေခံဖြစ်တဲ့ အလုပ်သမားလူတန်းစားရဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်ရမယ်ဆိုတဲ့ အချက်က ဒီမိုကရေစီနဲ့ ဖီလာဖြစ်လာပါတယ်။ ဘယ်လိုပဲ ပါတီတွင်း ဒီမိုကရေစီရှိတယ်ပြောပြော လက်တွေ့မှာ ပစ္စည်းမဲ့အာဏာရှင်ဆိုတာဟာ အာဏာရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဗဟိုလွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုတို့က အခရာ ဖြစ်လာတာပါပဲ။
ဒါကြောင့်ပဲ ဦးဆောင်နိုင်ငံကြီးဖြစ်တဲ့ ဆိုဗီယက်ယူနီယံကစလို့ မအောင် မြင်မှုတွေဖြစ်ပြီး အရှေ့ဥရောပတစ်လွှားက ဆိုရှယ်လစ် (ကွန်မြူနစ်) နိုင်ငံများ မှာ ဒီမိုကရေစီ အပြောင်းအလဲများဖြစ်ပေါ်ခဲ့တာ သမိုင်းတစ်ခုပါပဲ။
အဲဒီထဲမှာ ကွန်မြူနစ်ဝါဒကို ဆက်လက်ထိန်းသိမ်းရင်း ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးသြဇာကိုလည်း နေရာမရွေ့ ဆက်လက်တည်တံ့စွာ အောင်မြင်အောင် ထိန်းသိမ်းထားနိုင်ခဲ့တာကတော့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ကွန်မြူနစ်ဝါဒကို အကောင်အထည်ဖော်ရာမှာ ထင်ရှား တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗီယက်နမ်နိုင်ငံဟာ နှစ်ပေါင်းများစွာ ပြင်သစ်နဲ့ အမေရိကန်နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက်ခဲ့ရပြီး စစ်ဘေး စစ်ဒဏ်များကြားကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရတာ ဖြစ်ပါတယ်။
အမေရိကန်လို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က ကမ္ဘာအပေါ် မှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံကို စိတ်ဓာတ်ပြင်းပြင်းနဲ့ လွတ်လပ်ရေးရတဲ့အထိ အောင်မြင်အောင် တော်လှန်ရတာဟာ အလွန်ခက်ခဲပင်ပန်းတဲ့ ခရီးလမ်း ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်မှာ လူတန်းစားရပ်တည်ချက်နဲ့ မာ့က်စ်ဝါဒကို ဆက်လက်အကောင်အထည်ဖော်ရေးဆိုတဲ့မူကို မပြောင်းလဲဘဲ ဈေးကွက် စီးပွားရေးစနစ်ကို ကွန်မြူနစ်စနစ်နဲ့ အံဝင်အောင် လက်တွေ့ကိစ္စများအပေါ်မှာ အာရုံစိုက် အလုပ်လုပ်လိုက်ပါတယ်။ ဗီယက်နမ်ပြည်သူလူထုကလည်း ခေါင်းဆောင်များအပေါ်မှာ အပြည့်အဝယုံကြည်စွာနဲ့ အလုပ်လုပ်ကြပါတယ်။ စစ်ပွဲကြီးများကို ဆင်နွှဲတိုက်ပွဲဝင်စဉ်ကလိုပဲ အားလုံးအင်အားစိုက် အလုပ် လုပ်ကြပါတယ်။
နောက်တစ်နည်းဆိုရရင် ဗီယက်နမ်ပြည်သူလူထုဟာ ပါးနပ်ပါတယ်။ အမေရိကန်နယ်ချဲ့၊ ဥရောပ အရင်းရှင်များကို နှစ်ပေါင်းများစွာ ဆန့်ကျင် လာခဲ့ပေမယ့် လက်တွေ့အကျိုးစီးပွားအပေါ်ကို မျက်ခြည်မပြတ်အောင် သတိ ထားပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ရဲ့ စိတ်ဝင်စားမျက်စိကျမယ့် သူတို့ ရဲ့ ဈေးကွက်ကို ရအောင်ထိုးဖောက်ခဲ့ပါတယ်။
နိုင်ငံရေး အယူဝါဒတွေမှာ ပါတီကို နိုင်နိုင်နင်းနင်းကိုင်ထားပြီး စီးပွား ရေးမှာ နိုင်ငံတကာနဲ့ သံတမန်ရေးကို ဂရုတစိုက်အသုံးချခဲ့ပါတယ်။ ပြည်သူ တွေကလည်း အလုပ်ကို အမှန်တကယ်ကြိုးစားလုပ်ကိုင်သူများ ဖြစ်တယ်ဆိုတာ ကို ရလဒ်များက သက်သေပြနေပါတယ်။ ဒီကနေ့မှာ ဗီယက်နမ်ဟာ ဆန်ထုတ်လုပ်မှု၊ အခြားစိုက်ပျိုးရေးလုပ်ငန်းများမှာ ထိပ်သီးနိုင်ငံအဖြစ် ရပ်တည် နေပြီဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူမှုများကို လုံးဝကင်းရှင်းသည်အထိ မဖြေရှင်းနိုင် သေးဘူးဆိုသော်လည်း အလွန်ချမ်းသာကြွယ်ဝတဲ့ ခေါင်းဆောင်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေ မရှိတာက နိုင်ငံဖွံ့ဖြိုးတိုးတက်တာ ဘာဆန်းလဲလို့ ဆိုရမယ်ထင်ပါတယ်။
အခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်း အဝေးများ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို သွားတဲ့ခရီးမှာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့ သမ္မတ မစ္စတာ ထရမ် ဒိုင် ကွမ် ရဲ့ ဖိတ်ကြားချက် နဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။
အထက်မှာ ပြောခဲ့သလို ဗီယက်နမ်နိုင်ငံဟာ အတုယူစရာတွေ အများ ကြီးရှိတဲ့ နိုင်ငံပါ။ စစ်ဘေးစစ်ဒဏ်ခံ ပြာပုံဘဝကနေ ကိုယ့်ယုံကြည်ချက် နိုင်ငံ ရေးလမ်းစဉ်ကိုကိုင်စွဲရင်း မတူညီတဲ့ နိုင်ငံရေး အယူအဆတွေ (ပွင့်ပွင့်လင်း လင်းပြောရရင် စီးပွားဖက် အတူလုပ်ရမယ့် နိုင်ငံကြီးများက ဖယ်ကြဉ်ချင်ကြတဲ့ နိုင်ငံရေးလမ်းစဉ်) ကြားကနေ သံတမန်ဆက်ဆံရေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချရင်း စီးပွားရေးအရ ထိပ်ပိုင်းကို တဖြည်းဖြည်းချင်း တက်လာနေတဲ့ နိုင်ငံပါ။
အခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီယက်နမ် ခရီးမှာ နှစ်နိုင်ငံကြားက အတုယူစရာတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူညီစောင့် ရှောက်စရာတွေကို ဖလှယ်ဆွေးနွေးကြရင်း ပိုမိုချစ်ကြည်ကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဗီယက်နမ်ဟာ နှစ်တိုအတွင်း အောင်မြင်တိုးတက်လာတယ် ဆိုရာမှာ အဓိကအားဖြင့် ခေါင်းဆောင်တို့ရဲ့ ဥာဏ်အမြော်အမြင်နဲ့ ပါးနပ်မှုအပြင် နိုင်ငံကို တစုတစည်းတည်း တစ်သံတည်းဖြစ်အောင် စည်းရုံးနိုင်မှုက ရှေ့တန်းရောက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုတာဟာလည်း နိုင်ငံနဲ့ မြန်မာပြည်သူတို့ရဲ့ အကျိုးစီးပွားသာမက နိုင်ငံတကာပြည်သူများရဲ့ အရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးတို့ကိုပါ ရှေးရှုပြီး ရေရှည်အကျိုးကို မျှော်ကြည့် တတ်တဲ့ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။
ဒါကြောင့် အခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗီယက်နမ်ခရီးမှာ ဗီယက်နမ်ပြည်သူတို့နဲ့ မြန်မာပြည်သူတို့ကြားက ချစ်ကြည်ရင်းနှီးဆက်ဆံရေးကို အရှည်တည်တံ့ပြီး တိုးတက်ကောင်းမွန်တဲ့ သဘောတူညီမှုများ တည်ဆောက်ရပ်တည်နိုင်မယ်လို့ မျှော်လင့်မိပါ တယ်။ ။
မောင်းဆက်
No comments:
Post a Comment