အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုနှင့် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့ရှိ ဒါနန်းFurama Resort၌ ခင်မင် ရင်းနှီးစွာ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရခိုင်ဒေသပြဿနာများဖြေရှင်းရေး နှင့်ပတ်သက်ပြီး သဘောထားအမြင်များ ဖလှယ်ကြပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ရခိုင်ဒေသပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး၊ နိုင်ငံသားစိစစ်ရေး၊ ရခိုင်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူ အညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကနေဒါနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး မစ္စ ခရစ်စတီးယား ဖရီးလန်း၊ မြန်မာ နိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဘော့ရေးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုတို့သည် ဇွန် ၈ ရက်တွင် ကနေဒါနိုင်ငံ အော်တာဝါ မြို့၌ တွေ့ဆုံခဲ့ကြပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ယခုထပ်မံတွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment