Sunday, November 26, 2017

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရက်ပေါင်း ၄ဝ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော် ကုန်သွယ်မှုပြုနိုင်ခဲ့

Image may contain: one or more people, people sitting and outdoor
မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၁) ကုန်သွယ်ရေး စခန်းသည် နှစ်စဉ် ပို့ကုန်၊ သွင်းကုန် လျာထားချက်များဖြင့် ကုန်သွယ်မှုပြုလျက်ရှိရာ သြဂုတ် ၂၅ ရက် အကြမ်းဖက် ဖြစ်စဉ်နောက်ပိုင်း တစ်လကျော်ကြာ ယာယီရပ်နားထား ခဲ့ပြီး ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်သော အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂၄ ရက် အထိ ရက်ပေါင်း ၄ဝ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော်ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း မောင်တော ကုန်သည်ကြီးများအသင်းရုံးမှ သိရသည်။
မောင်တောနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးစခန်းနှင့် ပတ်သက်၍ မောင်တောနယ်စပ်ကုန်သည်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်စံသိန်းက ''လက်ရှိ ကျွန်တော်တို့ အသင်းအနေနဲ့ ကုန်သည်တွေ အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးပါတယ်၊ ကုန်သွယ်မှုအပိုင်းမှာ လတ်တလော ဒီဘက်အနေနဲ့ အခက်အခဲမရှိပါဘူး၊ အားလုံးအဆင်ပြေပါ တယ်၊ ခုနောက်ပိုင်း ပုံမှန်ပြန်ဖြစ်လာပါပြီ၊ သွင်းကုန်အနေနဲ့ ဟိုဘက်ကမလာပေမယ့် ဒီဘက်က ပို့ကုန်အနေနဲ့ သွားနေ တာရှိပါတယ်၊ တစ်ဖက်နိုင်ငံအနေနဲ့ သွင်းကုန်ကဏ္ဍမှာ အရင်ကလည်း သိပ်မရှိသလို ခုနောက်ပိုင်းဆိုရင် လုံးဝကို တင်သွင်းလာတာမရှိပါဘူး၊ ဒီစခန်းမှာလည်း အရင်က ကုန်သည်တွေများပေမယ့် ခုနောက်ပိုင်း ကုန်သည်တွေ နည်းလာပါတယ်၊ အဓိကပို့ကုန်အဖြစ် ကုန်သွယ်မှုပြုနေသူ သုံးလေးဦးပဲ ရှိပါတယ်၊ ဒီနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဘာပစ္စည်းမှ သွင်းကုန်အနေနဲ့ မဝင်ပါဘူး၊ အရင် ကတော့ ရေတုံကင်၊ ဒန်အိုးဒန်ခွက်နဲ့ မုန့်အနည်းငယ်လောက် သွင်းကုန်အနေနဲ့ ဝင်တာရှိပါတယ်၊ နောက်ပိုင်း အဲဒါတွေပါ ဒီဘက်ကို လုံးဝမဝင်တော့ပါဘူး''ဟု ပြောသည်။
မောင်တောခရိုင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သောARSAအစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁၃ ရက်အထိ ယာယီကုန်သွယ်မှု ရပ်ဆိုင်း ထားခဲ့သည်။ ပြန်လည်ဖွင့်လှစ်ကုန်သွယ်မှုပြုသည့် အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂၄ ရက်အတွင်း သွင်းကုန်ပမာဏအနေဖြင့် လုံးဝမရှိသော်လည်း ပြည်တွင်းပို့ကုန်အနေဖြင့် နေ့စဉ်ပုံမှန် ကုန်သွယ်မှုပြုလျက်ရှိသည်။ ယင်းကာလ အတွင်း စတင်ဖွင့်လှစ်ခဲ့သော အောက်တိုဘာ ၁၄ ရက်မှ လကုန်အထိ ပို့ကုန် တင်ပို့ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ သုံးသိန်းခြောက်သောင်းကျော် ရရှိခဲ့ သည်။ အလားတူ ယခု နိုဝင်ဘာလဆန်းပိုင်းမှ နိုဝင်ဘာ ၂၄ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သိန်းကျော် ရရှိခဲ့သဖြင့် ရက်ပေါင်း ၄ဝ ကျော်အတွင်း ပို့ကုန် တင်ပို့ရောင်းချနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော်ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရသည်။
''နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းမှာပို့ကုန်အနေနဲ့ ကျွန်တော်တို့နိုင်ငံဘက်က ယနေ့အချိန်ထိ အများကြီး ပို့နိုင်ပါတယ်၊ ပို့ကုန်အနေနဲ့ ရေထွက်ကဏ္ဍရော၊ လယ်ယာထွက်ကုန်ကဏ္ဍပါ ဒီဘက်အနေနဲ့ ပုံမှန်အတိုင်းပါပဲ၊ ပြောင်းလဲမှုတော့ သိပ်မရှိပါဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ အရင်နှစ် အောက်တိုဘာ ကတည်းက သွင်းကုန်အနေနဲ့ မလာတော့ဘူး၊ အရင်ကလည်း ဒေသအသုံး အဆောင်နဲ့ စားသောက်ကုန် အနည်းငယ်ပဲ သူတို့ဆီက တင်ပို့ခဲ့တာပါ၊ ကျွန်တော် တို့ မြန်မာနိုင်ငံအနေနဲ့ သွင်းကုန်ကို ပိတ်ထားတာမရှိပါဘူး၊ ကုန်သည်ချင်း ချိတ်ဆက်ပြီး နှစ်ဖက်စလုံးကို တရားဝင်လမ်းကြောင်းအတိုင်း ယနေ့အထိ ခွင့်ပြုထားပါတယ်၊ ကုန်သွယ်မှုအပိုင်းမှာ ဒီဘက်အနေနဲ့ ကန့်သတ်ပေးထားတာ မရှိပါဘူး''ဟု မောင်တောကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံအနောက်ဖျား မောင်တောနယ်စပ်မြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်သည် မောင်တောချောင်းမှတစ်ဆင့် နတ်မြစ်လမ်းကြောင်းတစ်လျှောက် စက်လှေဖြင့်သွားလျှင် တစ်နာရီကျော်သာ ကြာမြင့်သဖြင့် နေ့စဉ် နာရီပိုင်း အတွင်း ကုန်သွယ်မှုပြုလုပ်နိုင်သည်။ ယခုအခါ အဆိုပါလမ်းကြောင်း၌ မြန်မာ နိုင်ငံဘက်မှ ပို့ကုန်များအဖြစ် ဆန်၊ ငါးပိ၊ ငါးခြောက်၊ ငါးခေါင်းပွ၊ ရေငန်ပုစွန်၊ ငါးသရောက်၊ ဝါး၊ ကြိမ်၊ ပဲမျိုးစုံ စသည်ဖြင့် ကဏ္ဍစုံမှ တင်ပို့လျက်ရှိသော်လည်း လတ်တလော တစ်ဖက်နိုင်ငံသွင်းကုန်မှာ ယနေ့တိုင် တင်သွင်းလာခြင်းမရှိ သေးပေ။ အဆိုပါ နယ်စပ်ဂိတ်မှ ယခင်နှစ်အနည်းငယ်အတွင်း သွင်းကုန်၊ ပို့ကုန်များအပြင် တစ်ဖက်နှင့် တစ်ဖက် ကူးလူးသွားလာနိုင်သော နေ့ချင်းပြန် ပတ်စ်ပို့နှင့် ခုနစ်ရက်ပတ်စ်ပို့တို့ကိုပါ ထုတ်ပေးသော်လည်း ယခုအခါ ကုန်သွယ် စီးဆင်းမှုအရသာ ကူးလူးသွားလာမှုရှိနေသေးကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရသည်။
သတင်းအဖွဲ့၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment