Monday, November 27, 2017

အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

Image may contain: one or more people, people sitting, crowd and indoor
ရန်ကုန် နိုဝင်ဘာ ၂၆
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဝင်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော် သွားနိုင် ရန်အတွက် ''လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ''ကို နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၁ရက်တွင် ၁၆ ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းများ ဖြစ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မူဝါဒချမှတ်ပေးခြင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုး အပါအဝင် ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ပေးခြင်း၊ ပွဲတော်တွင်ပါဝင်သည့် အဖွဲ့အစည်းများ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် လိုအပ်သလို လမ်းညွှန်ပေးခြင်းလုပ်ငန်းများကို အဖွဲ့ဝင်များက ကျေပွန်အောင် ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။
ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်မှု(Freedom)၊ ဖွံ့ဖြိုးတိုးတက်မှု (Development)နှင့် ကြွယ်ဝချမ်းသာမှု(Prosperity)ဆိုသည့် အခြေခံ တန်ဖိုးများဖြင့် ဖန်တီးတည်ဆောက်လျက်ရှိရာ အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့ အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များသည် အဓိကကျသောအခန်းကဏ္ဍ က ပါဝင်နေပါကြောင်း၊ ထို့ကြောင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေး လူငယ်ရေးရာ မူဝါဒပြဋ္ဌာန်းရန် ဆောင်ရွက်ခြင်းအားဖြင့် ''လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်'' ကို ကျင်းပပြုလုပ် ခြင်းဖြစ်ပါကြောင်း။
မကြာခင်ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးကို အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးနှင့် ဆပ်ကော်မတီအသီးသီးတို့က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုများနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အတွက် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတစ်ဆင့် တေးသီချင်းများ၊ ပိုစတာများဖြင့် လှုံ့ဆော်နေကြသည်များကို မြင်တွေ့ကြားသိရသည့်အတွက် ဝမ်းမြောက်ကျေနပ်မိပါကြောင်း။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးကို လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန်မြှင့်တင် ပေးနိုင်ရေးနှင့် မျှဝေပေးနိုင်ရန်၊ အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။
အဆိုပါပွဲတော်ကြီးသည် နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် ပထမဆုံး လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးတစ်ခုဖြစ်သည့်အတွက် အဘက် ဘက်က အဆင်ပြေ အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်လျှင် လူငယ်များ၏ စွမ်းပကား မြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည် များကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့လူငယ်အင်အားစုများသည် အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူသားအရင်းအမြစ်များ ပင်ဖြစ်ပါကြောင်း၊ အဆိုပါ လူငယ်အင်အားစုများ၏ စွမ်းပကားသာလျှင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားများဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ လူငယ်များ ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်လာအောင် ရည်ရွယ်လုပ်ဆောင်နေခြင်းသည် အနာဂတ်နိုင်ငံကို တစ်ဖက်တစ်လမ်းမှ ကူညီ ပံ့ပိုး တည်ဆောက်ပေးနေခြင်းဖြစ်သည့်အတွက် ရည်ရွယ်ချက်အောင်မြင်အောင် စိတ်ကောင်း၊ စေတနာကောင်းများဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း။
အဆိုပါ ပွဲတော်ကြီးတွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ ITနှင့် သိပ္ပံနည်းပညာဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်မှာဖြစ်သကဲ့သို့ စာအုပ်ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများစသည့် လှုပ်ရှားမှုများစွာကို ကဏ္ဍအလိုက် ထည့်သွင်းဆောင်ရွက် ထားရှိကြောင်းကို ကြားသိရသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း။
ယခုပွဲတော်ကြီး အောင်မြင်စေရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ ၁၃ ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီများမှ အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက ယခုအစည်းအဝေး တွင် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၁၃)ခုတို့မှ တာဝန်ရှိသူ များဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဝင်း၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲ တော်ကို နိုင်ငံတော်အဆင့်နှင့်အညီ ရည်ရွယ်ချက်များပါအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment