Thursday, November 30, 2017

မန္တလေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်

Image may contain: 2 people, people smiling, bicycle and outdoor
မန္တလေး နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း တိုင်းဒေသ ကြီး ဟိုတယ်နှင့် ခရီးသွားလာရေး
ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
''နိုင်ငံခြားသားဝင်ရောက်မှုက ဒီဘက်နှစ်မှာလည်း သိသိသာသာတိုးတက်လာတာရှိ တယ်၊ ပြီးခဲ့တဲ့နှစ်က သုံးသိန်းကျော် ဝင်ရောက်တဲ့အခါမှာ ဒီနှစ်ကတော့ လေးသိန်းကျော်ဝင်မယ်လို့ခန့်မှန်းထားပါတယ်၊ လက်ရှိအချိန်ထိ
တော့ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ရာခိုင် နှုန်းနဲ့တွက်မယ်ဆိုရင် ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်ပါတယ်''ဟု အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိနိုင်ငံတကာခရီးသွား ဝင်ရောက်မှုစာရင်းများ အရ ၃၇၄၂၂၁ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်၊ထိုင်း၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမနီစသည့် နိုင်ငံ များအနက် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်ခဲ့ကြောင်း ၎င်းဌာနမှ သိရသည်။
ကမ္ဘာလှည့်ခရီးသွားများသည် မန္တလေးမြို့၏ ထင်ရှားသောရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖြစ်သည့် တောင်သမန်အင်း၊ ဦးပိန်တံတား၊ မဟာမုနိဘုရားကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ မန္တလေးတောင်
တော်စသည်တို့အပြင် မင်းကွန်း၊ အင်းဝနှင့် ပုဂံဒေသများသို့ အများဆုံးသွားရောက် လည်ပတ်ကြပြီး ပြင်ဦးလွင်မြို့သို့လည်း အပန်းဖြေ လည်ပတ်လျက်ရှိကြသည်။
''မန္တလေးတိုင်းဒေသကြီးက ခရီးသွားဝင်ရောက်တဲ့အခါမှာ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက် မန္တလေးက မဖြစ်မနေလာတယ်၊ ကျွန်တော်တို့ဆီမှာ တခြားနိုင်ငံတွေထက် ထူးခြားတာက ခရီးသွားရဲ့ဆွဲဆောင်မှု Tourism
Products တွေက သူများတွေက ဖန်တီးရတာ၊ ကျွန်တော်တို့ဆီမှာက ဖန်တီးစရာမလိုဘူး၊ သဘာဝကပေးထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေရှိတဲ့အတွက် ခရီးသွားဧည့်သည်က မဖြစ်မနေဝင်ရောက်လာတာ ရှိပါတယ်'' ဟု လက်ထောက်ညွှန်ကြားရေးမှူး က ဆက်လက်ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု အနေဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ၇၅၇၂၇ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၉၉ဝ၁၆ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၆ဝ၉၇၅ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃ဝ၆၄၃၂ ဦးနှင့် ၂ဝ၁၆ ခုနှစ်တွင် ၃၈၅ဝ၃၁ ဦးတို့ရှိကြောင်း ၎င်းဌာနစာရင်းများအရ သိရသည်။
နဒီလှိုင်း

No comments:

Post a Comment