Monday, November 27, 2017

နိုင်ငံတကာက လူငယ်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လူငယ်တွေ မြန်မာနိုင်ငံမှာရှိတယ်

Image may contain: 1 person, standing, outdoor and closeup
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များ ဖြစ်ကြသည်။ အဆိုပါလူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူသားအရင်းအမြစ်များဖြစ်သလို အနာဂတ် နိုင်ငံတော်၏ မောင်းနှင်အားလည်း ဖြစ်ပေသည်။
သို့ဖြစ်၍ နိုင်ငံတော်အစိုးရသည် မြန်မာလူငယ်များအချင်း ချင်း အသိပညာ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ် တန်ဖိုးများ မျှဝေနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက် များနှင့်အညီ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။
အဆိုပါလူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ်အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ သုံးရက်တာပွဲတော်ကာလအတွင်း စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာလှုပ်ရှား မှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ITနှင့် သိပ္ပံ နည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်ပြီး စာအုပ်ဈေးရောင်း ပွဲများ၊ လူငယ်ဆိုင်ရာအသိပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများ စသည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများ နှင့် စပ်လျဉ်း၍ သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြလိုက်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
ဒီပွဲရဲ့ရည်ရွယ်ချက်က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်လို့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်၊ ကျွန်တော်တို့ လူငယ်တွေ သည် တိုင်းပြည်ရဲ့အနာဂတ်ကို ဖန်တီးကြမယ့်၊ တည်ဆောက် ကြမယ့်သူတွေ ဖြစ်တယ်၊ သူတို့က တစ်ဦးချင်းစီ အရည် အချင်းရှိနေဖို့ လိုတယ်၊ သူတို့သည် တိုင်းပြည်အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ် တွေ ပြည့်ဝနေဖို့လိုပါတယ်၊ အရည်အချင်းရှိဖို့လိုတယ်၊ စိတ်ဓာတ်လည်းရှိဖို့လိုတယ်၊ ဒီပွဲမှာ အရည်အချင်းနဲ့ စိတ်ဓာတ် ဒီနှစ်ခုအတွက် အစပျိုးအနေအထားတွေ ဖန်တီးပေးနိုင်ဖို့စီစဉ်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လူငယ်တွေအရည်အချင်းတိုးတက်ဖို့အတွက်ဆိုရင် ကျွမ်းကျင်သင့်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် ၂၁ ရာစု နည်းပညာ ခေတ်သစ်မှာ လူငယ်တွေစိတ်ဝင်စားပြီး လေ့လာသင့်တဲ့ အကြောင်းအရာတွေကို ဒီပွဲမှာတွေ့ထိပြီး လေ့လာဆည်း ပူးနိုင်အောင်၊ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်နိုင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အခြေခံအစတွေကို ဖန်တီးပေး နိုင်အောင် စီစဉ်ထားပါတယ်၊ ပွဲတော်လို့ဆိုတဲ့အတိုင်း ဒီပွဲကိုလာပြီး အစီအစဉ်တွေကို လိုက်ကြည့်တယ်၊ ကိုယ် တိုင်ပါဝင်ဆင်နွှဲပြီး ပျော်ရွှင်စရာဖြစ်အောင် လုပ်ထား ပေးတယ်၊ ဒီပွဲကို လာရောက်ပြီး နောက်နောင် ၅ နှစ်၊ ၁ဝ နှစ် အချိန်တစ်ခုရောက်တဲ့အခါ တစ်ချိန်တုန်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ ဘယ်ကဏ္ဍတွေမှာ ကိုယ်ပါဝင်ခဲ့တာတွေကို အမှတ်တရဖြစ်စေဖို့အထိ ရည်ရွယ်ပါတယ်၊ ပွဲတော်ဖြစ်တဲ့အတွက် ပျော်ရွှင်ဖို့ပါတယ်၊ အမှတ်တရဖြစ်ဖို့ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့ ပါတယ်၊ ဒါကြောင့် ဒီပွဲကိုအားလုံးလာရောက် ပျော်ရွှင်စွာဆင်နွှဲ စေချင်ပါတယ်။
ဒီပွဲရဲ့အကျိုးကျေးဇူးက လူငယ်တွေဖွံ့ဖြိုးတိုးတက် မယ်၊ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရင်၊ လူငယ် တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်ရင် ကျွန်တော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာပါပဲ၊ ဒီဖွံ့ဖြိုးတိုးတက်တဲ့လူငယ်တွေ၊ အရည်အချင်း ပြည့်စုံတဲ့လူငယ်တွေ များလာရင် တိုင်းပြည်ရဲ့အနာဂတ်က ပိုပြီးအားရစရာဖြစ်မှာပါ။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပပြီးစီးခဲ့တဲ့8th model ASEMရဲ့ အတွေ့အကြုံအရဆိုရင် အာရှ-ဥရောပက နိုင်ငံပေါင်း ၅၁ နိုင်ငံမှာ မြန်မာနိုင်ငံက ၅၆ ဦး ပါဝင်ခဲ့တယ်၊ ကျန်တဲ့ အာရှ-ဥရောပက နိုင်ငံက လူငယ် ၉၈ ဦး စုစုပေါင်း ၁၆ဝ ပါတယ်၊ အဲဒီအတွေ့အကြုံအရ နိုင်ငံ တကာက လူငယ်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လူငယ် တွေ မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာ တွေ့ရပါတယ်၊ ဆုငါးဆုပေးတာမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်နှစ်ဦး ဆုရရှိတာကို ကြည့်ခြင်းဖြင့် နိုင်ငံတကာက လူငယ်တွေ နဲ့ယှဉ်ပြိုင်ပြီး ဆွေးနွေးနိုင်တယ်၊ ကျန်တဲ့နိုင်ငံက လူငယ် တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရ တယ်။
မြန်မာနိုင်ငံက လူငယ်တွေသည် Potential ရှိတယ်၊ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အရည်အချင်း တွေရှိကြပါတယ်၊ ဒါတွေကို နိုင်ငံ့သားကောင်းတွေဖြစ်အောင် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တာဝန်ယူ၊ တာဝန်ခံ တတ်အောင်၊ တီထွင်ကြံဆတတ်အောင်၊ သင်ကြားသင်ယူ လေ့ကျင့်ပြုစု ပျိုးထောင်ပြီးတော့မှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင် နိုင်စွမ်းရှိသော လူငယ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြ ပါ၊ နိုင်ငံတော်အနေနဲ့၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ လူငယ်တွေမှာ အများကြီးရင်းနှီးမြှုပ်နှံနေပါတယ်၊ အားပေး မြှင့်တင်ဆောင်ရွက်နေပါတယ်၊ လူငယ်တွေအနေနဲ့ ဆက်လက်ပြီး ကိုယ့်မှာရှိတဲ့ Potential တွေကို နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆက်လက်ကြိုးစား ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်
အစိုးရသစ်လက်ထက်မှာ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်အနေနဲ့ ပထမဆုံးကျင်းပတဲ့ပွဲတော် ဖြစ်ပါတယ်၊ ဒီပွဲတော်မှာ ပြပွဲ၊ ပြိုင်ပွဲတွေအပြင် အခြားအနုပညာ ဆိုင်ရာ လှုပ်ရှားမှုတွေ ဘက်စုံပါဝင်အောင် ထည့်သွင်းထား ပါတယ်၊ ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ် အသီးသီးက ကျောင်းသား ကျောင်းသူအင်အား ၄ဝဝဝ ကျော်နဲ့ ကျင်းပသွားဖို့ ဖိတ်ခေါ်ထားပါတယ်။
ပွဲတော်ရဲ့ရည်ရွယ်ချက်က လူငယ်တွေ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်၊ လူငယ် တွေ စုပေါင်းလုပ်ဆောင်နိုင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု ဒါမျိုးတွေရအောင် စီစဉ်ထားပါတယ်၊ လူငယ်တွေ တက်ကြွ ပျော်ရွှင်စေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ စီစဉ် ထားပါတယ်၊ ဘက်ပေါင်းစုံ စီစဉ်ထားတာကြောင့် ကြုံတောင့် ကြုံခဲအခွင့်အရေးမှာ လူငယ်တွေ တက်ကြွစွာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း - ခင်မောင်ထွေး၊ ၀င်းဝင်းမော်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment