Wednesday, November 29, 2017

ငြိမ်းချမ်းမှု၊ အကြင်နာတရားပြည့်ဝပြီး သဒ္ဓါတရားကြီးမားသူများ၊ အကူအညီ လိုအပ်နေသူများကိုအချိန်တိုင်းမှာ လက်ကမ်းကူညီပေးနိုင်သူ၊ စိတ်ဓာတ်ခိုင်မာပြီး ကျွမ်းကျင်မှု ပြည့်ဝသူများအဖြစ် မြင်တွေ့လို

Image may contain: 1 person
နေပြည်တော် နိုဝင်ဘာ ၂၈
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မိန့်ခွန်းပြောကြားသည့်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ဂုဏ်သရေရှိဧည့်သည်တော်များ၊
ငြိမ်းချမ်းရေးနှင့် မေတ္တာတရားရဲ့ စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းအပေါ် မိမိတို့ရဲ့ယုံကြည်မှုကို ထပ်လောင်း အတည်ပြုတဲ့ ယနေ့တွေ့ဆုံပွဲကနေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို လက်ခံကြိုဆိုခွင့်ရတဲ့အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယနေ့ မိမိတို့နဲ့အတူရှိနေပေးတဲ့အတွက် လည်း ပုပ်ရဟန်းမင်းကြီးအား ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါ တယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ မိမိတို့မြန်မာပြည်သူပြည်သားတွေလိုအပ် နေတဲ့၊ လိုလားတောင့်တနေတဲ့ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုရေးအရ သဟဇာတရှိမှုတို့အပေါ် နားလည်မှုပေးခြင်းဟာ မိမိတို့အတွက် ခွန်အားနဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်လာပေးပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်က အတည်ပြုသတ်မှတ်ခဲ့တဲ့ နိုင်ငံတော်သီချင်းမှာ ''တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ'' ဆိုတဲ့စကားရပ်နဲ့ စတင်ခဲ့ပါတယ်။ ဒီအချက်ဟာ တရားမျှတမှုမရှိပါက စစ်မှန်တဲ့လွတ်လပ်ရေးကိုရရှိနိုင်မည် မဟုတ်ဆိုတဲ့ မြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးများရဲ့ ခိုင်မာတဲ့ခံယူချက်ကို ထင်ဟပ်ပြသနေပါတယ်။ ဒီစကားရပ်ဟာ မိမိတို့ပြည်သူ များအနေနဲ့ ¤င်းတို့ရဲ့အလားအလာများကို အပြည့်အဝသိရှိနိုင်စေမယ့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများရဲ့ ဆောင်ရွက်ချက်ကို ပြန်လည် ကြားယောင်စေပါတယ်။ မိမိတို့နိုင်ငံရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အတွက် တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လုံခြုံမှုတို့ကို အာမခံချက်ပေးနိုင်သည့် ဥပဒေများနှင့် အဖွဲ့အစည်းများရှိသည့် နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်မှာ မိမိတို့ရဲ့ လက်ရှိတာဝန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေအများအပြားနဲ့ရင်ဆိုင်နေရပြီး စိန်ခေါ်မှု တစ်ခုချင်းစီတိုင်းအတွက် ခွန်အား၊ စိတ်ရှည်သည်းခံမှုနဲ့ရဲရင့်မှုတွေလိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ သဘာဝသယံဇာတပေါကြွယ်ဝမှုတွေနဲ့ ပြည့်စုံနေတဲ့နောက်ခံ အလှတရားကိုအခြေပြုပြီး မတူကွဲပြားတဲ့ ပြည်သူတွေ၊ ဘာသာစကားတွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေ အမျိုးမျိုးရောယှက်နေတဲ့ ပိတ်ကားထက်ကပန်းချီကား တစ်ချပ်နဲ့ တူညီပါတယ်။ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ခြင်း၊ စိတ်ရှည်သည်းခံမှုကိုမွေးမြူခြင်းနဲ့အားလုံးအတွက် လုံခြုံမှုကို အာမခံပေးနိုင်ခြင်း ဖြင့် မတူကွဲပြားမှုတွေရဲ့ ပေါင်းစပ်အလှတရားကိုဖော်ဆောင်ဖို့ တာဝန်ဟာ ကျွန်မတို့အစိုးရရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တန်ဖိုးအထားဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခုကတော့ အရင်အစိုးရကအစပြုပေးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပေါ်အခြေခံပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ လျှောက်လှမ်းရတဲ့ ခရီးလမ်းဟာ အမြဲတမ်း မချောမွေ့နိုင်ပါဘူး။ သို့ပေမယ့် ဒီကြိုးပမ်းမှုဟာ မိမိတို့အတွက်အေးချမ်းစွာမှီခိုရာ၊ ဂုဏ်သိက္ခာရှိမှုနဲ့ ပျော်ရွှင်မှု တွေကို ဆောင်ကြဉ်းပေးမယ့် တရားမျှတပြီးကြွယ်ဝချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေလိုတဲ့ ကျွန်မတို့ ပြည်သူတွေအားလုံးရဲ့ အိပ်မက်တွေကိုပြည့်ဝစေ နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိရေး အတွက်ကြိုးပမ်းမှုဟာ နောင်လာမယ့်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို အာမခံချက်ရှိစေမယ့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေရရှိစေမှုနဲ့ အားဖြည့် ပေးရမှာဖြစ်ပါတယ်။
မိမိတို့အစိုးရရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများအနက် ရခိုင်ပြည်နယ် အခြေအနေဟာ ကမ္ဘာ့နိုင်ငံအများစုရဲ့ အာရုံစိုက်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရှိ မတူကွဲပြားတဲ့ အသိုက်အဝန်းများအကြား ယုံကြည်မှု၊ အပြန် အလှန်နားလည်မှု၊ သဟဇာတဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုထိခိုက် စေခဲ့တဲ့ ကာလရှည်ကြာဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်များ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ မိမိတို့ရဲ့ကြိုးပမ်းဆောင်ရွက်မှု တွေ အောင်မြင်ဖို့ဆန္ဒရှိကြတဲ့ မိမိတို့နိုင်ငံရဲ့ ပြည်သူပြည်သားများ၊ မိတ်ဆွေကောင်းများရဲ့ ထောက်ခံအားပေးမှုဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးမှ သယ်ဆောင်လာတဲ့ ကရုဏာတရားနဲ့အားပေးမှု လက်ဆောင်များကိုမိမိတို့အလေးအနက်တန်ဖိုးထားပါတယ်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် အကြိမ် (၅ဝ)မြောက် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အခမ်းအနားအတွက် ပုပ်ရဟန်းမင်းကြီး၏ အမှာစကားဟာ မိမိတို့ရဲ့နှလုံးသားကို ရိုက်ခတ်စေပါတယ်။
ခရစ်တော်သည် ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် လက်ကိုင်ထားရ မည့် နည်းလမ်းကို သူ၏တောင်ပေါ်ဒေသနာတွင် မြွက်ကြားခဲ့ပါသည်။ မင်္ဂလာတရား(၈)ပါးသည် မိမိတို့အား မင်္ဂလာရှိသော၊ ကောင်းမွန်ဖြောင့်မတ် မှန်ကန်သော လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံဖော်ပေးနိုင်ပေသည်။ နှိမ့်ချနာခံတတ် သောသူ၊ သနားကြင်နာတတ်သောသူနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်သောသူ၊ စိတ်နှလုံးဖြူစင်သောသူ၊ ဖြောင့်မတ်ခြင်းတရားကို ငတ်မွတ်သောသူတို့သည် မင်္ဂလာရှိကြကုန်၏။
ဒီဒေသနာမှာပါရှိတဲ့ တရားတော်တွေဟာ နိုင်ငံရေးနှင့်ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းကြီးများနှင့် သတင်းမီဒီယာမှ အလုပ်အမှုဆောင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်အသီးသီးကို ထမ်းဆောင်ရာမှာ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းတစ်ခု၊ လူမှုအသိုက်အဝန်းနှင့် စီးပွားရေးလုပ်ငန်းကြီး တွေကို တည်ထောင်တဲ့အခါ ငြိမ်းချမ်းရေးတည်ထောင်သူတွေအနေနဲ့ ရင်ဆိုင်ရ မယ့်အခက်အခဲလည်းဖြစ်ပါတယ်။ လူအချင်းချင်းလျစ်လျူရှုခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုပျက်စီးစေခြင်း၊ မိမိအနိုင်ရရှိရေးအတွက်သာ တစ်ဖက်သတ် ဆောင်ရွက်မှုတွေကို ငြင်းပယ်ခြင်းဟာ ကရုဏာကြီးမားမှုကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဗာတီကန်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု တည်ထောင်ပြီး ခြောက်လမျှသာကြာသေးသည့်အချိန်တွင် ပုပ်ရဟန်းမင်းကြီးက မိမိတို့နိုင်ငံသို့ လာရောက်ခဲ့မှုအပေါ် ဝမ်းသာပီတိဂုဏ်ယူမိပါတယ်။ ယခု ခရီးစဉ်ဟာ နီးကပ်တဲ့ဆက်ဆံရေးရဲ့ သမိုင်းမျက်နှာစာသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ အခြားပုဂ္ဂိုလ်များအကြား ကြည်နူးဝမ်းမြောက်မှု ယခင်ကရှိခဲ့တဲ့ဆက်ဆံရေးကိုလည်း ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ မိမိတို့ အနေနဲ့ရန်ကုန်မြို့ရှိSt.Francis Convent ကျောင်းမှာ ပျော်ရွှင်စွာပညာ စတင်သင်ယူခဲ့ချိန်က ပုပ်ရဟန်းမင်းကြီးထံမှ ကောင်းချီးပေးမှုကို ခံယူခွင့်ရရှိခဲ့ပါ တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ကောင်းချီးမင်္ဂလာပေးမှုကို မိမိတို့အားလုံး ဝေမျှခံယူပြီး စိတ်ကောင်းစေတနာကောင်းများနဲ့ ပျော်ရွှင်မှုများကို နိုင်ငံတစ်ဝန်း ဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းရှိ ခေတ်ကာလတိုင်းမှာ အတိတ်ရဲ့ကောင်းမွေ၊ ဆိုးမွေကို ဆက်ခံပြီး အကောင်းဆုံးတည်ဆောက်ဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။ ယခုဆိုလျှင် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တွေကို အကောင်အထည် ဖော်နိုင်မယ့် ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းတွေကို မိမိတို့ရရှိထားပြီး ဖြစ်ပါတယ်။ဒီတာဝန်တွေ၊ သမာဓိနဲ့ ကိုယ်ချင်းစာတရားတွေဖြင့် ထမ်းဆောင် သွားမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့အနာဂတ်ကို လှပခိုင်မာပြီးဂရုစိုက်မှု၊ တန်ဖိုး ထားလေးစားမှုများနှင့် ပျော်ရွှင်ကြွယ်ဝပြီးသာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သမိုင်းအမွေ ချန်ထားခဲ့လိုပါတယ်။ အလားတူ အနာဂတ်မှာ မြန်မာပြည်သူတွေ ဟာ စည်းလုံးညီညွတ်မှုရှိပြီး ပြောင်းလဲနေသည့် ကမ္ဘာကြီးနဲ့လိုက်လျောညီထွေ ရှိစွာဖွံ့ဖြိုးတိုးတက်မှုကိုဖန်တီးနိုင်သူများ၊ ငြိမ်းချမ်းမှု၊ အကြင်နာတရား ပြည့်ဝပြီး သဒ္ဓါတရားကြီးမားသူများ၊ အကူအညီလိုအပ်နေသူများကို အချိန်တိုင်းမှာ လက်ကမ်းကူညီပေးနိုင်သူ၊ စိတ်ဓာတ်ခိုင်မာပြီး ကျွမ်းကျင်မှု ပြည့်ဝသူများ အဖြစ် မြင်တွေ့လိုပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ကက်သလစ်ဘုရားကျောင်းမှ ပြည်သူများဟာ မြန်မာနိုင်ငံရဲ့ ပြည်သူများပင်ဖြစ်ပြီး ချစ်ခြင်းမေတ္တာတရားနှင့် ပြည့်ဝသူများ ဖြစ်ကြပါတယ်။ မိမိတို့နိုင်ငံနဲ့ ကမ္ဘာ့ပြည်သူများအားလုံးအပေါ် ဆုတောင်း မေတ္တာပို့သမှုတွေအတွက် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူးတင်ရှိသလို သူတို့ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မိမိတို့ရှေ့ဆက်ရမယ့်လမ်းခရီးမှာ ရှည်လျားသော်လည်းငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သာယာပျော်ရွှင်ခြင်းတို့ရဲ့ စွမ်းအားများအပေါ် ယုံကြည်မှုတွေနဲ့အတူ လျှောက်လှမ်းသွားမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment