Wednesday, November 29, 2017

ပြန်လည်ကျေအေးသင့်မြတ်ရေးနှင့် ညီရင်းအစ်ကိုစိတ်ထားရှိရေး သတင်းစကားကို စဉ်ဆက်မပြတ် ဖော်ထုတ်ကြပါရန်မြန်မာနိုင်ငံတော်ရှိ လူသားအားလုံးအတွက် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း ခေတ်သစ်ကို ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်း

Image may contain: 1 person, flower
နေပြည်တော် နိုဝင်ဘာ ၂၈
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
လေးစားရပါသော အစိုးရအဖွဲ့ဝင်များ
ရဟန်းအမတ်နှင့် ညီအစ်ကို ဆရာတော်များ
ဂုဏ်သရေရှိ သံတမန်အဖွဲ့ဝင်များ
ဧည့်သည်တော်များ ခင်ဗျား
မြန်မာနိုင်ငံသို့ ကြွရောက်လာရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ရှိ ပါသည်။ လှိုက်လှဲပျူငှာသော စကားပြောကြားခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အားလည်း ကျေးဇူးတင်ပါသည်။ ဤခရီးစဉ် ဖြစ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ပေးသူများ အားလုံးကိုလည်း အထူးကျေးဇူး တင်ပါသည်။ လူနည်းစုဖြစ်သော်လည်း စိတ်အားထက်သန်သည့် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များနှင့်အတူ ဆုတောင်းရန်၊ သူတို့၏ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသည့် သူတို့၏ ကြိုးစားအားထုတ်မှုကို ခွန်အားဖြည့်ပေးရန် ကျွန်ုပ် ရည်ရွယ်၍ လာရောက်ရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဗာတီကန်တို့အကြား တရားဝင် သံတမန်ဆက်သွယ်ရေး ထူထောင်ပြီး များမကြာမီ လာရောက်ခွင့် ရသည့်အတွက်လည်း အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ တိုင်းပြည်၏ အခြေခံအဆောက်အအုံကို ပြန်လည်ဆန်းသစ်ရန် အားစိုက်ထုတ်နေရသော်ငြား လည်း ဤကဲ့သို့ သံတမန် ထူထောင်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းထဲ တွင် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန် မြန်မာနိုင်ငံ၏ ခိုင်မာသော စိတ်အားထက်သန်မှုကို ပြသနေသည့် သင်္ကေတ အဖြစ် ကျွန်ုပ် မှတ်ယူလိုပါသည်။
ကျွန်ုပ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မှီတင်းနေထိုင်ကြသူ များ အားလုံးကို ရင်းနှီးစွာ တွေ့ဆုံရန် ဖြစ်ပါသည်။ တရားမျှတသော၊ ပြန်လည် ကျေအေးသင့်မြတ်သော၊ အလုံးစုံပါဝင်သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန် ကြိုးစားလုပ်ဆောင်နေကြသော သူများကိုလည်း အားပေးစကား ပြောကြား လိုပါသည်။ မြန်မာနိုင်ငံသည် သဘာဝအလှအပများ၊ သယံဇာတများနှင့် ကျေးဇူးတော်ပြည့်ဝသည့် နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တန်ဖိုးအရှိဆုံး အဖိုးတန်ရတနာမှာ မြန်မာနိုင်ငံ၏ ပြည်သူလူထု ဖြစ်ပါသည်။ မြန်မာနိုင်ငံသား များသည် ကာလရှည်ကြာဖြစ်ပွားနေ၍ နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုများ ဖြစ်ပေါ် စေသော ပြည်တွင်း ပဋိပက္ခများနှင့် ရန်လိုမုန်းတီးမှုများကြောင့် ကြီးမားစွာ ဝေဒနာခံစားနေခဲ့ကြရသကဲ့သို့ ဆက်လက်ခံစားနေရဆဲလည်း ဖြစ်ပါသည်။ လက်ရှိအချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း နေချိန်တွင် ထိုပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာဒဏ်ချက်များ အား ကျေအေးခြင်းနှင့် ကုသခြင်း အရေးကိစ္စမှာ အရေးအကြီးဆုံး နိုင်ငံရေး နှင့် ဘာသာရေး ဦးစားပေးလုပ်ငန်းစဉ်များမှ အမြင့်မားဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်ရပါမည်။ ဤစိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ရန် အစိုးရ၏ ကြိုးပမ်းဆောင် ရွက်မှုများမှ ကျွန်ုပ်အနေဖြင့် နှစ်သက်အားရကြောင်း ဖော်ထုတ်ပြသရန်သာ ရှိပါတော့သည်။ ထိုသို့ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများမှ အထူးသဖြင့် ပင်လုံငြိမ်းချမ်းရေးညီလာခံသည် အကြမ်းဖက်ခြင်းကို ချုပ်ငြိမ်းစေရန်၊ အပြန် အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် သောသူအားလုံး၏ အခွင့်အရေးများအား လေးစားမှုရှိစေရန် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ဆွေးနွေးစေ သည့် ညီလာခံဖြစ်ပါသည်။
ဧကန်စင်စစ် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့် အမျိုးသားပြန်လည် ကျေအေးသင့်မြတ်ရေးဟူသည့် ခက်ခဲကြမ်းတမ်းသော လုပ်ငန်းစဉ်သည် တရားမျှတခြင်းနှင့် လူ့အခွင့်အရေးကို လေးစားမှသာလျှင် ရှေ့ဆက်နိုင်မည် ဖြစ်သည်။ သမ္မာကျမ်းတွင် ပရောဖက်များက တရားမျှတမှုဟူသည်မှာ မှန်ကန် ၍ အစဉ်တည်တံ့မည့် ငြိမ်းချမ်းရေးအတွက် အခြေခံဟု ရှုမြင်ခဲ့ကြစဉ် ရှေးပညာရှင်များက တရားမျှတခြင်းဟူသည်မှာ ''လူသားတိုင်းအား ၎င်းတို့ ရသင့်ရထိုက်သည်ကို ပေးခြင်း''ဟု အနက်ဖွင့်ခဲ့ကြသည်။ ဝမ်းနည်းဖွယ်ရာ ကမ္ဘာစစ်ကြီးနှစ်ခုက ထိုရှုမြင်ချက်များ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြဋ္ဌာန်းသတ်မှတ်ခြင်း နှင့် ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို တည်ထောင်ခြင်းတို့အား ဦးတည်စေခဲ့ သည်။ ဤသို့ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ကမ္ဘာတစ်လွှားတွင် တရား မျှတရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှိစေရန်နှင့် ပဋိပက္ခများအား အကြမ်း မဖက်ဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန်အတွက် အခြေခံဖြစ်လာခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တည်ရှိနေသော နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ကို အသိအမှတ်ပြုရုံသာမက အထက်ဖော်ပြပါ အခြေခံမူများအား လိုက်နာ စောင့်ထိန်းရန် မြန်မာနိုင်ငံ၏ အားစိုက်မှုကိုလည်း အသိအမှတ်ပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေးဖြစ်ရမည်။ ထိုငြိမ်းချမ်းရေးသည် လူသားတိုင်း၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တိုင်းရင်းသား လူမျိုးစုတိုင်းနှင့် တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာကို လေးစားမှု၊ တရား ဥပဒေအား လေးစားလိုက်နာမှု၊ မည်သူ့ကိုမျှ ချန်လှပ်ထားခြင်း မရှိဘဲ အများ အကျိုးအတွက် ပံ့ပိုးမှုပေးနိုင်ရန် လူတစ်ဦးစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင် ပေးသည့် ဒီမိုကရေစီစနစ်ကို လေးစားမှု စသည်တို့အပေါ် အခြေခံသည်။
အမျိုးသားပြန်လည်ကျေအေးသင့်မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး ကို ဖော်ဆောင်သည့် လုပ်ငန်းစဉ်ကြီးတွင် မြန်မာနိုင်ငံရှိ ဘာသာရေး အဖွဲ့အစည်းများ၌ တထူးတခြား တာဝန်ရှိပေသည်။ မတူညီသည့် ဘာသာရေး ယုံကြည်မှုများသည် စိတ်ဝမ်းကွဲမှုများနှင့် အယုံအကြည်ကင်းမဲ့မှုများကို ဖန်တီး သည့် အရင်းအမြစ် မဖြစ်စေဘဲ စည်းလုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည် သည်းခံခြင်းနှင့် သတိပညာ ပြည့်ဝသည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ခွန်အားတစ်ခု ဖြစ်ရပါမည်။ ဘာသာတရားများအနေဖြင့် နိုင်ငံတွင်း နှစ်ကာလ ကြာရှည်စွာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်သူများ အတွက် ခံစားချက်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်များအား ကုစားပေးခြင်းတွင် အလွန်အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်ပါသည်။ ခိုင်မာစွာ ခံယူထားသော မူတန်ဖိုးများအား အခြေခံထား သည့် ဤဘာသာရေး အဖွဲ့အစည်းများသည် ပဋိပက္ခများဆိုင်ရာ သက်ရောက်မှု များအား ကုစားပေးနိုင်ခြင်း၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းရန်အတွက် ပေါင်းကူးပေးခြင်း၊ တရားမျှတရေး ဖော်ဆောင်ပေးခြင်းနှင့် အတိဒုက္ခ ခံစား နေရသူများအားလုံးအတွက် ရပ်တည်အရေးဆိုပေးခြင်း စသည်တို့အား ပြုလုပ်နိုင်စွမ်းရှိပါသည်။ သဟဇာတရှိခြင်းနှင့် အပြန်အလှန် လေးစားမှု ရှိခြင်း မူအပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက်၊ ဆင်းရဲသား အတိဒုက္ခရောက် သူများအား ကူညီပေးရေးနှင့် မွန်မြတ်သည့် ဘာသာတရား သွန်သင်ချက် များ၊ လူ့တန်ဖိုးများအား သွန်သင်ပေးရေးကိစ္စရပ်များတွင် အတူတကွ ပူးပေါင်း လုပ်ဆောင်နေကြသည်ကို မြင်တွေ့ရခြင်းသည် မျှော်လင့်ခြင်း၏ တောက်ပ သော အလင်းရောင်တစ်ခု ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးခြင်းနှင့် တစ်လုံးတစ်ဝ တည်းရှိခြင်းဟူသည့် ဓလေ့တစ်ခုတည်ဆောက်ရာတွင် ဘာသာရေးအဖွဲ့ အစည်းများသည် ဘုံအကျိုးအတွက် ဆောင်ရွက်ခြင်းနှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် မျှော်လင့်ခြင်းနှင့် ကြွယ်ဝဖူလုံမှုရှိသည့် အနာဂတ် တစ်ခုတည်ဆောက်ရန် ပစ်ပယ်၍ မရသော စိတ်ဓာတ် နီတိရေးရာ အခြေခံအုတ်မြစ်များချမှတ်ခြင်း ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေကြ ပါသည်။
ယနေ့ ခေတ်ကာလတွင်ပင် အနာဂတ်သည် နိုင်ငံ၏ လူငယ်များလက်ထဲ တွင် ရှိနေပါသည်။ လူငယ်များဟူသည်မှာ အမြတ်တနိုးထားပြီး မြေတောင် မြှောက်ပေးရမည့် လက်ဆောင်မွန်တစ်ခု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အရည်အသွေးရှိသော ပညာရေးကို မှန်ကန်စွာ ဖန်တီးပေးလျှင် ကြီးမားစွာ အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။ ၎င်းသည် သားစဉ် မြေးဆက်များအကြား တရားမျှတမှုအတွက် အရေးပေါ်လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ရုတ်ခြည်း ပြောင်းလဲနေပြီး ချိတ်ဆက်မှု အားကောင်းလာ လျက်ရှိသော ကမ္ဘာကြီးရှိ မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးမှုအပေါ်တွင် မူတည်ပါသည်။ ထိုသို့ လူငယ်များအား လေ့ကျင့်ပျိုးထောင်ရာတွင် နည်းပညာ နယ်ပယ်များဆိုင်ရာ အတတ်ပညာ များသာမက ဖြောင့်မတ်ရိုးသားခြင်း၊ သိက္ခာ သမာဓိရှိခြင်းနှင့် လူသားချင်း စာနာစိတ်ထားရှိခြင်း စသည့် နီတိတန်ဖိုးများကိုလည်း သင်ကြားပေးရန် လိုအပ်ပါသည်။ ထိုနီတိတန်ဖိုးများသည် ဒီမိုကရေစီစနစ်အား ခိုင်မာစေခြင်း နှင့် လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကို ရှင်သန်တိုးပွားစေပါသည်။ သားစဉ်မြေးဆက်များအကြား ရှိရမည့် တရားမျှတမှုသည် လူ့လောဘနှင့် အတ္တတို့ဖြင့် ဖျက်ဆီးခြင်းကင်းသော သဘာဝ ပတ်ဝန်းကျင်တစ်ခုကို အနာဂတ်မျိုးဆက်သစ်များအတွက် အမွေပေးရန် တောင်းဆိုပါသည်။ လူငယ်များထံမှ မျှော်လင့်ခြင်းကို လုယူဖျက်ဆီးခြင်း မပြုရန်၊ နိုင်ငံတော်နှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်ကို ပုံသွင်းပေးမည့် သူတို့၏ စိတ်ကူးအိပ်မက်များနှင့် အရည်အချင်းများအား လက်တွေ့ အကောင်ထည်ဖော်ခြင်းကို မဟန့်တားရန် အရေးကြီးပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဆွေတော်များ ခင်ဗျား
ကျွန်ုပ်၏ ကက်သလစ်ခရစ်ယာန် ညီအစ်ကို မောင်နှမများကို ကျွန်ုပ် တိုက်တွန်းအားပေးလိုသည်မှာ ယနေ့ခေတ်ကာလတွင် လူ့အဖွဲ့အစည်းတစ်ရပ် လုံးအား အကျိုးပြုသည့် ချစ်ခြင်းမေတ္တာနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်ချက်များဖြင့် ခရစ်ယာန်ယုံကြည်ခြင်း၌ စွဲမြဲခိုင်မာစေကြ ရန်၊ ပြန်လည်ကျေအေးသင့်မြတ်ရေးနှင့် ညီရင်းအစ်ကိုစိတ်ထားရှိရေး သတင်း စကားကို စဉ်ဆက်မပြတ် ဖော်ထုတ်ကြပါရန်ဖြစ်သည်။ ကက်သလစ်ခရစ်ယာန် များသည် ဤမြတ်နိုးဖွယ်ရာ မြန်မာနိုင်ငံတော်ရှိ လူသားအားလုံးအတွက် တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း ခေတ်သစ်ကို ဆောင်ကြဉ်း ပေးနိုင်ရန် ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူများနှင့် တလေးတစား ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကြိုးပမ်းပေးကြမည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။
''မြန်မာနိုင်ငံတော် အဓွန့်ရှည် တည်တံ့ပါစေ''
ယခုလို အာရုံစိုက် နားထောင်ပေးသည့်အတွက် သင်တို့အားလုံးကို ကျေးဇူးတင်ရှိပါသည်။ အားလုံးအကျိုးအတွက် အထူးကြိုးပမ်းဆောင်ရွက် နေကြသော သင်တို့၏ လုပ်ဆောင်ချက်များအတွက် ဆုတောင်းမေတ္တာ ပို့သရင်း သင်တို့အားလုံးအပေါ် သတိပညာ၊ ခွန်အားနှင့် ငြိမ်းချမ်းရေး၏ ကောင်းချီးကျေးဇူးတော်များ ရရှိကြပါစေဟု တောင်းဆုပြုလိုက်ပါသည်။

No comments:

Post a Comment