Monday, November 27, 2017

အိန္ဒိယက အဝယ်ပိတ်ထားသော မတ်ပဲနှင့် ပဲစင်းငုံ ပြည်တွင်းလုပ်ငန်းရှင်များ အသုံးပြုမှု များပြားလာ

Image may contain: plant and outdoor
မုံရွာ နိုဝင်ဘာ ၂၆
အိန္ဒိယက အဝယ်ပိတ်ထားသော မတ်ပဲနှင့် ပဲစင်းငုံ ကို ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်း ချိုသာသောကြောင့် ယခင်ကထက် အသုံးပြုမှု များလာကြောင်း ပို့ကုန် ပဲလုပ်ငန်းရှင် ဦးမျိုးမင်း ထံမှ သိရသည်။
''မုံရွာကြာဆံစက်သမားတွေက ပိုသုံးလာ ကြတယ်၊ ဈေးလည်းချိုပြီး အသုံးလည်းကိုက်တဲ့ အတွက် အရင်ကထက် ပိုဝယ်သုံးလာကြတာ တွေ့ရပါတယ်၊ အရင်က ဒီပဲတွေက သုံးသောင်း၊ လေးသောင်း၊ ငါးသောင်းဈေးတွေဆိုတော့ မကပ် နိုင်တာလည်းပါတော့ မသုံးဘူး၊ အခုတော့ စမ်းသုံးရင်း အသုံးတည့်နေပါပြီ''ဟု ဦးမျိုးမင်းက ပြောသည်။
မုံရွာမြို့မှ ကြာဆံစက်သမားများသည် ယခင်က ပဲစင်းငုံ တစ်တင်းခွဲအိတ် သုံးအိတ်ခန့် သုံးရာမှ လက်ရှိတွင် တစ်စက်လျှင် ၁၂ အိတ် အထိ ပိုသုံးလာပြီး တိရစ္ဆာန်အစာအတွက်လည်း ယခင်ကထက် တိရစ္ဆာန်အစာရောင်းသူများက ပိုဝယ်လာကြကြောင်း သိရသည်။ မုံရွာမြို့ အနီး ဝန်းကျင်ရှိ ကြာဆံစက်တိုင်းလိုလို ပဲစင်းငုံကို အများအပြား သုံးလာကြသည်ကို တွေ့ရသည်။
''အရင်က ကြာဆံစက်တစ်စက်မှာ တစ်ရက် ကို စားတော်ပဲ ၂၄ အိတ်သုံးရာကနေ အခုတော့ စားတော်ပဲ ၁၂ အိတ်၊ ပဲစင်းငုံ ၁၂ အိတ်ဆို ပြီး သုံးနေကြပါတယ်၊ စားတော်ပဲဈေးက နှစ်သောင်းဝန်းကျင်ရှိပါတယ်၊ စားတော်ပဲကို ကနေဒါ၊ ယူကရိန်း စတဲ့ နိုင်ငံတွေကနေ ပို့နေပါတယ်၊ လက်ရှိမှာ ပြည်တွင်းပဲတွေလည်း ပြည်ပမထုတ်ရတော့ ရှိနေတဲ့ပဲ သုံးရအောင် သက်ဆိုင်ရာက စားတော်ပဲကို ပြည်ပက သွင်းတာ ပိတ်ထားတယ်''ဟု မုံရွာအခြေစိုက် ပဲစင်းငုံ ကုန်သည်တစ်ဦးက ပြောသည်။
''အိန္ဒိယက ပိတ်လိုက်တဲ့နောက်ပိုင်းမှာ မတ်ပဲကလည်း ဈေးကျ၊ ပဲစင်းငုံကလည်း ဈေးကျ၊ ဝယ်လည်းမဝယ်ဆိုတော့ ဈေးတွေ အကျဆုံးအထိ ကျပြီး ငြိမ်နေတဲ့အခြေအနေပါ၊ ပဲအဝင်က တောင်သူတွေလက်ထဲမှာ မရှိသလောက် နည်းတော့ နည်းနေပါပြီ၊ မြို့ကကုန်သည်တွေ လက်ထဲမှာ ဆိုတော့ တောင်သူတွေလက်ထဲမှာ မရှိသလောက် အခြေအနေပါ၊ လှောင်လက်ကုန်သည်တွေ လက်ထဲ မိနေတာ များနေပါတယ်''ဟု ဦးမျိုးမင်း က လက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးကွက် အခြေ အနေကို ပြောသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment