ရီးယဲလ်မက်ဒရစ်အသင်း၏ အားထားရသည့်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဂါရတ်ဘေးလ် သည် ပေါင်ကြွက်သားဒဏ်ရာပြဿနာကြောင့် ယခုနှစ်ကုန်အထိ အသင်းနှင့်အတူ ပြန်လည်ပါဝင်လာနိုင်မည်မဟုတ်ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် စက်တင်ဘာလကလည်း ခြေသလုံးဒဏ်ရာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နိုဝင်ဘာ ၁ဝ ရက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည် ပါဝင်လာနိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် လေ့ကျင့်ရေးကွင်းတွင် ထပ်မံဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် နှစ်ကုန်ပိုင်းအထိ အနားယူရတော့မည်ဖြစ်သည်။ ထိုသို့ဒဏ်ရာရရှိ နေခြင်းကြောင့် ပြင်သစ်အသင်း၊ ပနားမားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ဝေလ အသင်း၏ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်များတွင် ဂါရတ်ဘေးလ် ပါဝင်ကစားခြင်းမပြုရန် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက တောင်းဆိုထားကြောင်းလည်း သိရသည်။
ဂါရတ်ဘေးလ်သည် ခြေသလုံးဒဏ်ရာနှင့် ခြေချင်းဝတ်ဒဏ်ရာများရရှိနေခဲ့ခြင်း ကြောင့် ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီကလည်း လာလီဂါဘောလုံးရာသီ၏ ရာသီဝက် သာလျှင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပွဲထွက်ကစားနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ငါးပွဲသာလျှင် ပါဝင်ကစားပေးထားနိုင်ခဲ့သူဖြစ်သည်။
တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် စပါးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ၂ဝ၁၃ ခုနှစ်အတွင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၅ ဒသမ ၁ သန်းဖြင့် ပြောင်း ရွှေ့လာခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် လာလီဂါဖလား တစ်ကြိမ်နှင့် ချန်ပီယံ လိဂ်ဖလား သုံးကြိမ်တို့ကို ဆွတ်ခူးထားနိုင်ခဲ့သည်။
ငွေကြယ်
No comments:
Post a Comment