Thursday, November 30, 2017

အမေရိကန်ရေတပ်မှ လေယာဉ်တစ်စင်းအား ပင်လယ်နက်ဝေဟင်၌ ကြားဖြတ်ဟန့်တားခဲ့ဟု ရုရှားပြောကြား


Image may contain: airplane and sky
မော်စကို နိုဝင်ဘာ ၂၉
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပင်လယ်နက် ဝေဟင်တွင်း၌ အမေရိကန်ရေတပ်မှ လေယာဉ်တစ်စင်းအား ရုရှားလေတပ်မှ စစ်လေယာဉ်တစ်စင်းက အဝေးသို့ မောင်းထုတ်ခဲ့ ရကြောင်း ရုရှားစစ်ဘက်မှ နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုပြောကြားသည်။
နိုဝင်ဘာ ၂၅ ရက်က ပင်လယ်နက် နိုင်ငံတကာရေပြင်ထက် ဝေဟင်တွင် လေကြောင်း ပစ်မှတ်တစ်ခုသည် ရုရှားနိုင်ငံ နယ်နိမိတ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ရုရှား လေကြောင်း ထိန်းချုပ်ရေးစခန်းမှ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ရုရှားတောင်ပိုင်း စစ်ဒေသ သတင်းပြန်ကြားရေးဌာနက ပြောကြားသည်။
ယင်းလေကြောင်း ပစ်မှတ်အား ရုရှားလေတပ်မှ အက်စ်ယူ-၃၅ ဂျက်တိုက်လေယာဉ်က ပျံသန်းချဉ်းကပ်ကြည့်ရာမှ ယင်းမှာ အမေရိကန်ရေတပ်မှ ပီ-၈ အေ ပိုဆီဒွန်လေယာဉ်ဖြစ်ကြောင်း အမျိုးအမည် ခွဲခြားသတ်မှတ်နိုင်ခဲ့သည်။
ရုရှားတိုက်လေယာဉ်မှ သတိပေးမှုပြုလုပ်ပြီးနောက်တွင် အမေရိကန်ရေတပ်မှ စစ်လေယာဉ်သည် လမ်းကြောင်းပြောင်းလဲကာ ရုရှားနယ်စပ်နှင့် ဝေးရာသို့ ပျံသန်းသွားခဲ့သည် ဟု ရုရှားစစ်ဘက်က ပြောကြားသည်။
နိုဝင်ဘာ ၂၅ ရက်က ပင်လယ်နက် ဝေဟင်အတွင်း ပျံသန်းနေသည့် အမေရိကန်ရေတပ်မှ ပီ-၈ အေ ပိုဆီဒွန် အမျိုးအစားလေယာဉ် အနီးသို့ ရုရှားလေတပ်မှ အက်စ်ယူ-၃၅ အမျိုးအစား ဂျက်တိုက်လေယာဉ်က ဘေးအန္တရာယ်မကင်းသည့်နေရာထိ ကြားဖြတ်ပျံသန်းခဲ့ကြောင်း စီအန်အန်သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment