Sunday, November 12, 2017

မေယုတောင်ကျော်လမ်း ဖောက်လုပ်လိုက်တဲ့အတွက် ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ကျေးရွာတွေရဲ့လူမှုစီးပွားဘဝ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမယ်

Image may contain: sky, outdoor and nature
မောင်တော နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မောင်တောင်မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အုပ်ချုပ်မှုပိုင်းတွင် အထောက်အကူပြုစေရန်အတွက် မေယုတောင်ကို ဖြတ်ကျော်ပြီး မောင်တောနှင့် ဘူးသီးတောင်ကို ဆက်သွယ်သည့် ကျောက်ပန္တု-အင်းဒင်- စေတီပြင်လမ်းနှင့် ကြိမ်ချောင်း-ဂုပ္ပိလမ်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန လမ်းတည် ဆောက်ရေးအဖွဲ့(၃) လမ်းအထူးအဖွဲ့(၁၇)မှ တာဝန်ယူ ဖောက်လုပ်လျက်ရှိသည်။
အဆိုပါ မေယုတောင်ဖြတ်ကျော်လမ်း ဖောက်လုပ်မှု နှင့် စပ်လျဉ်းပြီး စစ်တွေမြို့ လမ်းဦးစီးဌာန လမ်းအထူး အဖွဲ့(၁၇)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးထွန်းမော်နှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြလိုက်ရပါသည်။
မေး ။ ။ မေယုတောင်ကိုကျော်ပြီး ဒုတိယလမ်းဖြစ်တဲ့ ကြိမ်ချောင်း-ဂုပ္ပိလမ်း ဖောက်လုပ်နေမှု အခြေအနေကိုသိပါ ရစေ။
ဖြေ ။ ။ မောင်တောကနေသွားတဲ့ မောင်တော-ကြိမ်ချောင်း-ဗန္ဓုလလမ်းနဲ့ ဘူးသီးတောင်မြို့နယ်ကနေ ဘူးသီးတောင်-ဂုပ္ပိအထိ မေယုတောင်ရဲ့ အရှေ့၊ အနောက် လမ်းနှစ်သွယ်ကို တောင်ကျော်လမ်းအနေနဲ့ ဖောက်လုပ်တဲ့ လမ်းစီမံကိန်းပါ၊ လမ်းအရှည်ကတော့ ရှစ်မိုင်ခန့်ရှိပြီး လမ်းကြောင်းပြေပြစ်တဲ့အနေအထား ရှာဖွေနေတဲ့အတွက် လမ်းကြောင်းက ပိုရှည်မယ့်အနေအထား တွေ့ရပါတယ်။
မေး ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်းဖောက်လုပ်မှုမှာ မောင်တော မြို့နယ် ကြိမ်ချောင်းဘက်က လမ်းဖောက်လုပ်မှု ဘယ်လောက် ပြီးသွားပြီလဲ။ ဘူးသီးတောင်မြို့နယ် ဂုပ္ပိဘက်က ဘယ်လောက် လမ်းဖောက်လုပ်မှုပြီးသွားပြီလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ မေယုတောင်ကိုကျော်ပြီး ကြိမ်ချောင်း-ဂုပ္ပိလမ်း ဖောက်လုပ်တဲ့အပိုင်းမှာ ကြိမ်ချောင်းဘက်က တစ်ဖွဲ့ရယ်၊ ဂုပ္ပိဘက်ကတစ်ဖွဲ့ရယ် စက်အဖွဲ့ နှစ်ဖွဲ့နဲ့ ဆောင်ရွက်နေပါ တယ်၊ ကြိမ်ချောင်းကနေ တောင်ပေါ်ကို ငါးမိုင်ကျော်ကျော် လမ်းအူကြောင်းတစ်ကြောင်းထိုးလမ်းကို လူနဲ့လမ်းကြောင်း ဖောက်ရှာတယ်။ ဂုပ္ပိဘက်ကလည်း အလားတူလုပ်ခဲ့တာ စုစုပေါင်း ဂုပ္ပိဘက်က သုံးမိုင်၊ ကြိမ်ချောင်းဘက်က ငါးမိုင် စုစုပေါင်းရှစ်မိုင် တစ်ကြောင်းထိုးလမ်းဖောက်နေပါပြီ။ တောင်ထိပ်မှာ မတ်စောက်တဲ့နေရာတွေမှာတော့ တစ်မိုင်ခွဲ နှစ်မိုင် ဝန်းကျင်လောက်ကို အမြင့်တွေ၊ ချောက်ကမ်းပါး တွေ ရှောင်ပြီးတော့ လမ်းအူကြောင်းရှာနေတဲ့အဆင့်၊ တစ်ကြောင်းထိုးလမ်းဖောက်မယ့်အနေအထားက နောက် သုံးရက်ဆို ပြီးနိုင်မယ့်အနေအထား ရောက်နေပါပြီ။
မေး ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်း ဖောက်လုပ်မှုမှာ တစ်ကြောင်းထိုးလမ်းဖောက်ပြီးသွားရင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ဒီလမ်းကြီးကို ရာသီမရွေးသွားလာနိုင်ပြီး ယာဉ် သွားလာမှုအတွက် အဆင်ပြေနိုင်မယ့် တောင်တက်လမ်း အဆင်ပြေနိုင်မယ့်လမ်းကြောင်းကို လမ်းပုံထုတ်အဖွဲ့တွေနဲ့ တိုင်းတာပြီး လမ်းပုံဖော်ပြီးတော့မှ ကျောက်ချောလမ်း အဆင့်အထိ အခုပွင့်လင်းရာသီမှာ အပြီးဆောင်ရွက်သွားဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။
မေး ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်းက မောင်တောဒေသ အတွက် ဘယ်လောက်အထိ မဟာဗျူဟာကျတယ်၊ ဘယ် လောက်ထိ အသုံးဝင်မယ်ဆိုတာသိပါရစေ။
ဖြေ ။ ။ မေယုတောင်ကြောရဲ့ အနောက်ဘက်ခြမ်း မောင်တော-ကြိမ်ချောင်း-ဗန္ဓုလဆိုတဲ့ ပင်လယ်ကမ်းရိုးတန်း အပိုင်းတွေကတော့ လူနေထူထပ်ပြီးတော့ စည်ကားတဲ့ အနေအထားမျိုး ရှိပါတယ်၊ ဒါပေမယ့် ကြိမ်ချောင်း ဘက်ခြမ်းကို မေယုတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းက ဘူးသီးတောင်မြို့နယ်မှာနေတဲ့ တိုင်းရင်းသားရွာတွေက ဒီတောင်ကြီးကို ဖြတ်ကျော်ပြီးသွားလာနေရတဲ့အခက် အခဲတွေကြောင့် အရှေ့ဘက်ခြမ်း ဘူးသီးတောင်ဒေသ မှာရှိတဲ့ တိုင်းရင်းသားရွာတွေဖွံ့ဖြိုးမှုအတွက် အဟန့် အတားတွေဖြစ်နေပါတယ်၊ အခုလို မေယုတောင်ကျော် လမ်းဖောက်လုပ်လိုက်တဲ့အတွက် ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ တိုင်းရင်းသားကျေးရွာတွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာပြီး တော့ ကျန်းမာရေး၊ ပညာရေး အစစအရာရာ လွယ်ကူ ချောမွေ့ပြီး အုပ်ချုပ်မှုယန္တရားတစ်ခုအတွက် ဒီလမ်းက မရှိမဖြစ်လိုအပ်မယ့် လမ်းတစ်လမ်းဖြစ်လာမှာပါ။
မေး ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်းဖောက်လုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲရှိလဲဆိုတာလည်း သိပါရစေ။
ဖြေ ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်းဖောက်လုပ်တဲ့အခြေအနေ မှာ မြေပြင်အနေအထားက လူသွားလမ်း တောင်ကျော် လမ်းလေးတွေရှိပါတယ်၊ ဒါပေမယ့် လူသွားလမ်း တောင်ကျော်လမ်းတွေက ရာသီမရွေးသွားလာနိုင်တဲ့ လမ်းမျိုးမဟုတ်ပါဘူး၊ မေယုတောင်က တောတောင်ထူထပ် ပြီးတော့ သဘာဝအတားအဆီးတွေ အများကြီးရှိပါတယ်။မေယုတောင်ကြောမှာ သားရိုင်းတိရစ္ဆာန်တွေ သဘာဝ အတိုင်းရှိနေပါတယ်၊ ဆင်အန္တရာယ်တွေရှိပါတယ်၊ မြစ်ချောင်းအင်းအိုင်တွေကလည်း သဘာဝအတားအဆီး တွေအဖြစ် ရှိနေတဲ့အတွက် နွေရာသီ ပွင့်လင်းရာသီမှာ အရှိန် အဟုန်မြှင့်ပြီး လုပ်ကိုင်ဆောင်ရွက်ရမယ့်အနေ အထားရှိနေပါတယ်။
မေး ။ ။ ကြိမ်ချောင်း-ဂုပ္ပိလမ်း ဖောက်လုပ်တာ ဘယ်က ဘတ်ဂျက်နဲ့ သုံးစွဲပြီးဖောက်လုပ်တယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ လက်ရှိ ဒီနှစ်အတွက်ကတော့ ပထမစဖောက်တဲ့ ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်းနဲ့ ဒုတိယဖောက်တဲ့ ကြိမ်ချောင်း-ဂုပ္ပိလမ်း လမ်း နှစ်လမ်းကို မေယုတောင်ကြီးကို ကန့်လန့်ဖြတ်ပြီး လက်ရှိ အခြေအနေအရ နိုင်ငံတော်ရဲ့ ပုံမှန်အစိုးရဘတ်ဂျက်အနေနဲ့ မဟုတ်ဘဲနဲ့ သမ္မတရဲ့ အထူးသီးသန့် ရန်ပုံငွေနဲ့ အထူးဦးစားပေးလမ်းနှစ်လမ်းကို ဖောက်လုပ်နေခြင်းဖြစ်ပါတယ်၊ ဒီလမ်းကြီးကို နှောင်နှစ် တွေမှာလည်း မေယုတောင်ကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ဖွံ့ဖြိုးရေးအနေနဲ့ နောက်ထပ် လေးလမ်းအထိ ဖောက်ဖို့ စီမံချက်တွေရှိပါတယ်။
မေး ။ ။ မေယုတောင်ကိုကျော်ဖြတ်ပြီး ဒီနှစ်ထဲမှာ ပထမဆုံးဖောက်ခဲ့တဲ့ ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်း ဖောက်လုပ်ထားမှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ ။ ။ ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်းကတော့ မောင်တောကနေ အငူမော်အထိ မေယုတောင်ရဲ့ အနောက် ဘက်ခြမ်းပိုင်း ဆောက်လုပ်ရေးကနေ ထိန်းသိမ်းနေတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်၊ အဲဒီလမ်းကတော့ ၄၉ မိုင်နဲ့ ၄ ဖာလုံရှိပါတယ်၊ ဒီအတိုင်းပဲ မေယုတောင်ရဲ့ အရှေ့ ဘက်ခြမ်းမှာ ဘူးသီးတောင်ကနေ အငူမော်ကို ၄၅ မိုင် ကျော် ကျေးလက်ဦးစီးဌာနကနေ ဖောက်နေတဲ့လမ်း ရှိပါ တယ်၊ မေယုတောင်ရဲ့ အရှေ့နဲ့အနောက်ဘက်ကို အပြိုင် လမ်းနှစ်လမ်း ဖောက်လုပ်နေပေမယ့် မေယုတောင်ကြီးကို ကျော်ပြီးတော့ အသုံးပြုနိုင်တဲ့ လမ်းမဟုတ်ပါဘူး၊ ဒါကြောင့် မေယုတောင်ရဲ့ အရှေ့ဘက်မှာနေထိုင်တဲ့ တိုင်းရင်းသား တွေရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် မေယုတောင်ရဲ့အနောက် ဘက်မှာရှိတဲ့ အငူမော်နဲ့ မောင်တောလမ်းက အထောက် အကူပြုနိုင်ပါတယ်၊ ဒါကြောင့် အဲဒီလမ်းနှစ်လမ်းကို ဆက်သွယ်တဲ့ မေယုတောင်ကျော်လမ်းဖြစ်တဲ့ ကျောက်ပန္တု- အင်းဒင်-စေတီပြင်လမ်းကို ဒီနှစ် ပွင့်လင်းရာသီမှာ ကျောက်ချောလမ်းအဆင့်အထိ ဖောက်လုပ်နိုင်အောင် စီမံချက်ချပြီး ဆောင်ရွက်နေပါတယ်၊ ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်းက ကြိမ်ချောင်း-ဂုပ္ပိလမ်းအပိုင်း လိုပဲ စေတီပြင်ဘက်မှာတစ်ဖွဲ့၊ အင်းဒင်ဘက်မှာတစ်ဖွဲ့ စက်ယန္တရား ၁၅ စီးနဲ့ ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ ကျောက်ပန္တု-အင်းဒင်ကို တစ်ကြောင်းထိုးလမ်းအနေနဲ့ ဆက်သွယ်သွားလာနိုင်တဲ့ လမ်းအူကြောင်း တစ်ကြောင်း ဖော်ထုတ်လို့ရပါပြီ၊ ဒါပေမယ့် ယာဉ်သွားလာနိုင်တဲ့ လမ်းကြီးဖြစ်အောင်တော့ လမ်းအူကြောင်းကို တိုင်းထွာပုံ ထုတ်ပြီးတော့ ဒီပွင့်လင်းရာသီမှာ ကျောက်ချောလမ်း အဆင့်ထိရောက်အောင် အချောသပ်ဆောင်ရွက်ဖို့ ရှိပါ တယ်။
မေး ။ ။ မေယုတောင်ကျော်လမ်းတွေဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားစရာ ရှိပါသလဲ။
ဖြေ ။ ။ မေယုတောင်ကျော်လမ်း နှစ်လမ်းကတော့ စစ်တွေ ခရိုင် ရသေ့တောင်မြို့နယ်၊ မောင်တောခရိုင် မောင်တော မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် မြို့နယ် သုံးခုကို ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုပြီး တိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေအတွက် အထောက်အကူပြုနိုင် မယ့်လမ်းတွေ ဖြစ်လာမှာပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့
ဓာတ်ပုံ - နေလင်း

No comments:

Post a Comment