Sunday, October 1, 2017

သမ္မတထရန့် နိုဝင်ဘာလအတွင်း အာရှသို့သွားမည်




နယူးယောက် စက်တင်ဘာ ၃ဝ




အမေရိကန်သမ္မတထရန့်သည် နိုဝင်ဘာလအတွင်း အာရှသို့သွားရောက်မည်ဖြစ်သည်။ ၄င်းသမ္မတအဖြစ်တာဝန်ယူပြီးသည့် အချိန်မှစ၍ပထမဦးဆုံးအကြိမ် အာရှသို့ သွားရောက်ခြင်းပင်ဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် တို့သို့ သွားရောက်မည်ဖြစ်သည်။
သမ္မတထရန့်သည် ဇနီးဖြစ်သူမယ်လာနီနှင့်အတူ နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ခရီးထွက်မည်ဖြစ်ပြီး ဗီယက်နမ် ၌ပြုလုပ်မည့် အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့်ဖိလစ်ပိုင်၌ ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်း အဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်၌ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်ရန်မှာမူ ထရန့်မှာ ဇဝေဇဝါဖြစ်ခဲ့ရသည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကြောင့် အမေရိကန်ဆန့်ကျင်မှုများဖြစ်ပေါ်လာသည့်အတွက် ဒူတာတေးကိုထောက်ခံသလိုဖြစ်မှာ စိုးရိမ်သည့် အတွက်ကြောင့်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့်အာရှခေါင်းဆောင်များက အမေရိကန်ကို အာရှ၏မဟာမိတ်အဖြစ် ယင်းအစည်းအဝေးသို့တက်ရောက်ရန် ကူညီတိုက်တွန်းမှုများ ပြုလုပ်ခဲ့သောကြောင့် ယင်းသို့ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်သို့သွားရောက်ရန် အမေရိကန်သမ္မတ၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အာရှသံတမန်များကပြောသည်။ ဖိလစ်ပိုင်သမ္မတကလည်း အမေရိကန်သမ္မတ လာရောက်မည်ကို ကြိုဆိုလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
(ရိုက်တာ)

No comments:

Post a Comment