Friday, September 1, 2017

ပထမသီတင်းပတ်အတွင်း စံချိန်လေးခုကို ချိုးလိုက်တဲ့ Look What You Made Me Do

Image may contain: 1 person, sitting and indoor
ပေါ့ပ်တေးသံရှင် တေလာဆွစ် ဟာ လတ်တလောမှာ ထုတ်လွှင့်ခဲ့တဲ့ တေးသီချင်း “Look What You Made Me Do”နဲ့ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ယင်းတေးသီချင်းဟာ စတင်ထုတ်လွှင့် ခဲ့တဲ့ သီတင်းပတ်အတွင်းမှာပင် စံချိန်သစ် လေးခု တင်နိုင်ခဲ့တာဖြစ်ပါတယ်။
တေလာဆွစ်ရဲ့ “Look What You Made Me Do” တေးဗီဒီယိုကို အွန်လိုင်း ပေါ်ကနေတစ်ဆင့် ထုတ်လွှင့်ခဲ့ရာမှာ ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံးတေးသီချင်း စာသားတွေနဲ့ဖန်တီးထားတဲ့ တေးဗီဒီယိုအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီး ပထမဆုံးရက်အတွင်း အကြိမ်အများဆုံးထုတ်လွှင့်ခဲ့တဲ့ တေးသီချင်း အဖြစ်လည်းကောင်း၊ ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံးဗီဒီယိုအဖြစ် လည်း ကောင်း၊ တေလာဆွစ်ရဲ့ အကြီးကျယ်ဆုံးသော ပွဲဦးထွက်တစ်ခုအဖြစ်လည်းကောင်း စုစုပေါင်း စံချိန်သစ်လေးခုတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင် ထုတ်လွှင့်ခဲ့တဲ့ “Look What You Made Me Do” ရဲ့ တေးသီချင်းစာသားတွေနဲ့ ရုပ်သံ ဖန်တီးမှုတေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီး နောက် ၂၄ နာရီအတွင်း အွန်လိုင်းကနေ တစ်ဆင့် ကြည့်ရှုသူပရိသတ် ၁၉ သန်းကျော် ခဲ့ပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး တေးဗီဒီယိုအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ် ပါတယ်။ တေလာဆွစ်အရင် ကြည့်ရှုသူ အများဆုံးစံချိန်တင်ထားခဲ့တဲ့ တေးသံရှင်က တော့ ကိုးဒ်ပလေးဖြစ်ပြီး ''The Chainsmokers'' တေးဂီတအဖွဲ့နဲ့ တွဲဖက် သီဆိုထားတဲ့တေးသီချင်း “Something Just Like This” နဲ့ စံချိန်တင်ခဲ့ကာ ၂၄ နာရီ အတွင်း ပရိသတ်ကိုးသန်းကျော်ရရှိခဲ့တာ ကြောင့် လတ်တလောမှာတော့ တေလာဆွစ်က ၂၄ နာရီအတွင်း ပရိသတ် ၁၉ သန်းကျော် ရရှိခဲ့ကာ စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါ တယ်။ တေလာရဲ့တေးဗီဒီယိုသစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ကြည့်ရှုသူပရိသတ် ၄၈ သန်းကျော်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
“Look What You Made Me Do” တေးသီချင်းဟာ ဒုတိယမြောက်စံချိန်သစ် အနေနဲ့ စတင်ထုတ်လွှင့်ခဲ့တဲ့ ပထမဆုံးနေ့ အတွင်း အကြိမ်အများဆုံးထုတ်လွှင့်ခြင်း ခံခဲ့ရတဲ့ တေးသီချင်းအဖြစ်လည်း စံချိန်သစ် တင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့ တေးဂီတဈေးကွက်မှာ ယင်း တေးသီချင်းဟာ ပထမဆုံးနေ့မှာတင် အကြိမ် ရှစ်သန်းနီးပါးထုတ်လွှင့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် တေလာဆွစ်ရဲ့ တေးသီချင်းသစ်ဟာ ယခင်ကစံချိန်တင်ထားခဲ့တဲ့ သူ့ရဲ့သူငယ်ချင်း တစ်ဦးဖြစ်သူ ဗြိတိန်ပေါ့ပ်ကြယ်ပွင့် အက်ဒ်ရှီ ရန်ရဲ့ ''Shape of You'' တေးသီချင်းနဲ့ စံချိန် တင်ထားခဲ့တဲ့ ၂၄ နာရီအတွင်း ထုတ်လွှင့်ခဲ့ ရမှု အကြိမ်ပေါင်းခုနစ်သန်းစံချိန်ကို ချိုးဖျက် ကာ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
တတိယမြောက်အနေနဲ့ကတော့ ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံးဗီဒီယိုအဖြစ် စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အတွင်း စတင်ထုတ်လွှင့်ခဲ့တဲ့ တေလာဆွစ်ရဲ့ “Look What You Made Me Do” တေးဗီဒီယိုကိုတော့ ဒါရိုက်တာ ဂျိုးဆက်ကန်းက တာဝန်ယူရိုက်ကူးပေးခဲ့တာ ဖြစ်ပြီး ယင်းဗီဒီယိုမှာတော့ တေလာဆွစ်ဟာ မြွေပုံစံလတ်ဝတ်ရတနာတွေကို ဝတ်ဆင်ထား ကာ ဆွဲဆောင်မှုပြင်းလွန်းတဲ့ပုံစံနဲ့ တွေ့မြင်ခဲ့ ရတာဖြစ်ပါတယ်။ ယင်းတေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း အွန်လိုင်းကနေတစ်ဆင့် ကြည့်ရှုသူသန်း ၃ဝ နီးပါးရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခင် က ကြည့်ရှုသူ ၂၇ ဒသမ ၇ သန်းနဲ့ စံချိန် တင်ထားခဲ့တဲ့ ဗြိတိန်ပေါ့ပ်ကြယ်ပွင့် အဒဲလ်ရဲ့ ''Hello'' တေးဗီဒီယိုရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်ရဲ့ တေးဗီဒီယိုဟာ ပျမ်းမျှအနေနဲ့ တစ်နာရီကို ကြည့်ရှုသူပရိသတ် တစ်သန်းကျော် ရရှိခဲ့တာလည်းဖြစ်ပြီး လတ်တလောမှာတော့ ကြည့်ရှုသူအရေ အတွက် ၆၁ သန်းကျော်သွားခဲ့ပြီဖြစ်တယ်လို့ လည်း သိရပါတယ်။
နောက်ဆုံးစံချိန်သစ်တစ်ခုကတော့ တေလာဆွစ်ရဲ့ တေးဂီတခရီးတစ်လျှောက်မှာ “Look What You Made Me Do” ဟာ အကြီးကျယ်ဆုံးသောပွဲဦးထွက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်ကတော့ တေလာရဲ့ ထွက်ရှိခဲ့ပြီးသမျှသော တေးသီချင်းတွေနဲ့ နှိုင်းယှဉ်တွက်ယူခြင်းဖြစ်ပြီး အဆိုပါ တေးသီချင်းဟာ ယူကျုပေါ်မှာအကြီးမားဆုံး သောပွဲဦးထွက်မှုဖြစ်ခဲ့တာပါ။ ယခင်က တော့ တေလာရဲ့ ''Bad Blood''တေးသီချင်းက စတင်ထုတ်လွှင့်ပြီးနောက် ပထမဆုံးနေ့မှာ ပရိသတ် ၁၇ သန်းကျော်ရရှိခဲ့ပြီး စံချိန်တင် ထားခဲ့ပေမယ့် လတ်တလောမှာတော့ “Look What You Made Me Do” တေးသီချင်းက အောင်မြင်မှု ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။
တေလာဆွစ်ရဲ့ နောက်ဆုံးထွက်ရှိခဲ့ပြီး ဖြစ်တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ တေးအယ်လ်ဘမ် ''1989''ဟာ တေးအယ်လ် ဘမ်ပေါင်း ၉ ဒသမ ၅ သန်း ရောင်းချခဲ့ရပြီး ၂ဝ၁၄ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံးသော တေးအယ်လ်ဘမ်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်းထွက်ရှိ လာမယ့် “Look What You Made Me Do” တေးသီချင်းပါဝင်မယ့် တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ် ''Reputation'' ဟာ လက်ရှိနှစ်ရဲ့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်ဖြစ်လာနိုင်မလားဆိုတာက တော့ စောင့်ကြည့်ရမှာဖြစ်ပြီး ကျွမ်းကျင်သူ တွေကတော့ ယင်းတေးအယ်လ်ဘမ်သစ်ဟာ ရောင်းအားကောင်းမှာဖြစ်ကြောင်း မျှောင်လင့် ထားကြပါတယ်။
''Look What You Made Me Do''တေးသီချင်းဟာ လာမယ့် နိုဝင်ဘာ ၁ဝ ရက် မှာ စတင်ထုတ်လွှင့်သွားမယ့် တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ် ''Reputation'' မှာ ပါဝင်တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ကာ ယင်း တေးအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် အတွင်း ထုတ်လွှင့်ခဲ့တဲ့ ''1989''တေးအယ်လ် ဘမ်ပြီးနောက် ပထမဆုံးပြန်လည်ထုတ်လွှင့် မယ့် တေးအယ်လ်ဘမ်ဖြစ်ပြီး တေလာဆွစ်ရဲ့ ခြောက်ခုမြောက် တေးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment