Friday, September 1, 2017

မီတာ ၁၉ဝ အရှည်ရှိ ပင်လယ်ကူးကုန်တင်သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်နိုင်ပြီ

Image may contain: sky, cloud, outdoor and water
ရန်ကုန် သြဂုတ် ၃၁ - ရန်ကုန်ဆိပ်ကမ်းသို့ ယခင်က အလျား ၁၆၇ မီတာ ထက်မကျော်သော သင်္ဘောများသာ ဆိုက်ကပ်နိုင်ခဲ့ရာမှ ယခုအခါ အလျား မီတာ ၁၉ဝ အထိ ရှည်သော ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်လာပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်လာနိုင်သည်နှင့်အမျှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်လာနိုင်မည်ဖြစ်ကာ ရန်ကုန် ဆိပ်ကမ်းသည် ထုတ်ကုန်၊ သွင်းကုန်များ ကိုင်တွယ်တင်ချရာ အဓိကဆိပ်ကမ်း ဖြစ်သည်နှင့်အညီ ကုန်တန်ချိန်များများ သယ်ဆောင်နိုင်ခြင်းဖြင့် သယ်ယူ ပို့ဆောင်စရိတ် ကျဆင်းလာစေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်းဌာနတို့မှ မြစ်ကြောင်းတစ်လျှောက် တိုင်းတာစစ်ဆေး မှုများကို ဆောင်ရွက်လျက်ရှိပြီး ပထမဦးစွာ (Length Over All) မီတာ ၁၉ဝ ရှိသော အထွေထွေကုန်ပစ္စည်းတင်ရေယာဉ်ကြီးများကို အတွင်းစည်းခုံရေလမ်း ကြောင်းမှ ဖြတ်သန်း၍ ဆူးလေဆိပ်ကမ်းသို့ ဆိုက်ကပ်စေပြီး မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်ဖြစ်သော ဆန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ MV.Top Fair အမည်ရှိ သင်္ဘောမှာ အလျား L.O.A ၁၉ဝ မီတာ၊ ရေစူး ၈ ဒသမ ၆ မီတာရှိပြီး ကုန်တန်ချိန် ၅ဝဝဝဝ တင်နိုင်သည့် သင်္ဘောဆိုက်ကပ်နိုင်ခဲ့ပြီး အလားတူရေယာဉ်အလျား L.O.A ၁၉ဝ မီတာရှိပြီး ရေစူး ၆ ဒသမ ၇၅ မီတာရှိ MV.Marilia အမည်ရှိ သင်္ဘော၊ ရေယာဉ်အလျား L.O.A ၁၉ဝ မီတာရှိပြီး ရေစူး ၇ ဒသမ ၃ မီတာရှိ MV.TETON အမည်ရှိ သင်္ဘောတို့မှာ ဆူးလေဆိပ်ကမ်းသို့ အန္တရာယ်ကင်းစွာ ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆူးလေဆိပ်ကမ်းသို့ ၁၆၇ မီတာအထက် Steel & Steel Product သင်္ဘောတစ်စင်းနှင့် ဆန်တင် သင်္ဘောကိုးစင်း စုစုပေါင်းသင်္ဘောကြီး ၁ဝ စင်း ဆိုက်ကပ်ပြီးဖြစ်သည်ဟု သိရသည်။
ယင်းသို့ သင်္ဘောကြီးများ ဆိုက်ကပ်လာနိုင်သည်နှင့်အမျှ မြန်မာ့အဓိက ပို့ကုန် ဆန်ကိုလည်း ယခုနှစ်တွင် တန်ချိန်တစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment