Friday, September 1, 2017

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ နှစ်စဉ်ဘတ်ဂျက်ခွဲဝေရရှိမှု၊ နိုင်ငံတကာချေးငွေရရှိမှုဖြင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောင်ရွက်နေ


Image may contain: 1 person
နေပြည်တော် သြဂုတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၅၃)ရက် မြောက်နေ့ အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့သည်။
အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးကျော်မြင့်ဦး၏ ကျေးလက်ဒေသများ ၏လူနေမှုဘဝနှင့် အခြေခံအဆောက် အအုံမြှင့်တင်ရေးတွင် ကျေးလက်နေ လူတန်းစားအားလုံး ပါဝင်လာနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ လျှပ်စစ် မီးလင်းရေးကော်မတီများ၏ မူများကို သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေကို အသုံးပြု၍လည်းကောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရများက ၄င်းတို့၏ နှစ်စဉ် ဘတ်ဂျက်ခွဲဝေရရှိမှုများအရ လည်းကောင်း၊ နိုင်ငံတကာမှနှစ်စဉ် ချေးငွေများမှ ရယူ၍လည်းကောင်း၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက် နေပါကြောင်း၊ ထိုအစီအစဉ်များထက် ဓာတ်အားများ ဆောလျင်စွာရရှိနိုင်ရန် ကျေးရွာများမှ ရွာသူရွာသားများက ငွေကြေးစုဆောင်းကြပြီး ကျေးရွာ၏အစီအစဉ်ဖြင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကို ဆောင်ရွက်လျက်ရှိကြ ပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေး ကော်မတီက မီးလင်းရေးများကို ဆောင်ရွက်ကြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက် ၁၂ ချက် ကို သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အချက် ၁၂ ချက်၏ ရည်ရွယ် ချက်သည် ကျေးရွာမီးလင်းရေး ကော်မတီက တည်ဆောက်ရမည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးစသည့် နည်းပညာဆိုင်ရာအချက်များကို ကျေးရွာအကျိုးအတွက် သတ်မှတ် ပေးခဲ့ပါကြောင်း။
မီးလင်းရေးကော်မတီအား အသင်း အဖွဲ့များ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျေးရွာ လူထုက ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပါကြောင်း၊ မီးလင်းရေး ကော်မတီက သက်တမ်းသတ်မှတ် နိုင်ရေးနှင့် သက်တမ်းပြည့်ပါက ထပ်မံရွေးချယ်ပါကြောင်း၊ မီးလင်းရေး ကော်မတီမှ နှစ်စဉ် ငွေစာရင်းရှင်းလင်း သွားရန်၊ ငွေကြေးမရှင်းလင်းနိုင်မှုနှင့် အလွဲသုံးစားမှုများ ထင်ရှားနေပါက ကော်မတီအား မီးယူထားသည့် အိမ်ထောင်စုများမှ မဲပေး၍ ပြန်လည် ရွေးချယ်ဖွဲ့စည်းပါကြောင်း၊ ယင်း အချက်များကြောင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်း ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ညှိနှိုင်းပြီး ကျေးရွာ မီးလင်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ညှိနှိုင်းဆွေးနွေးရန် စီစဉ် လျက်ရှိပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဒေါ်ရှားမူ၏ ကယားပြည်နယ် ဖရူဆိုမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြို့နယ်အဆင့် ဘဏ်ခွဲတစ်ခုဖွင့်လှစ်ပါက ဘဏ်ခွဲ အဆောက်အအုံအတွက် မြေနေရာ၊ ငွေတိုက်ငွေသိုလှောင်ခန်း၊ ငွေပို့ ငွေသယ်မော်တော်ယာဉ် စသည်တို့ အပြင် ဝန်ထမ်းဦးရေ ၁၅ ဦးမှ ၂ဝ အထိ ခန့်ထားရန် လိုအပ်ပါကြောင်း၊ ဖရူဆိုမြို့သည် လွိုင်ကော်မြို့နှင့် ၂၂ မိုင်ကွာဝေးပြီး လူဦးရေ ၃ သောင်းခန့် သာရှိသည့်အတွက် ဘဏ်လုပ်ငန်းများ ကို လွိုင်ကော်ခရိုင် ဘဏ်ခွဲကသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဖရူဆိုမြို့တွင် မြန်မာ့ စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ရန်အတွက် မြေနေရာရရှိထားပြီး ငွေတိုက် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဖရူဆိုမြို့သည် လမ်းပန်းဆက်သွယ် ရေး၊ လုံခြုံရေးကောင်းမွန်လာပြီဖြစ် ခြင်း၊ လျှပ်စစ်မီး ၂၄ နာရီ ရရှိခြင်း၊ တယ်လီဖုန်းလိုင်းများ ကောင်းမွန်ခြင်း တို့ကြောင့် မြို့နယ်ဘဏ်ခွဲအဖြစ် လောလောဆယ်ဖွင့်လှစ်မပေးနိုင် သေးသော်လည်း မြန်မာ့စီးပွားရေးဘဏ်နှင့် အကျိုးတူပူးပေါင်း၍ မိုဘိုင်းဘဏ်လုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ Myanmar Mobile Money လုပ်ငန်းနှင့် ညှိနှိုင်း၍ Mobile ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေရှိ၊ မရှိ သုံးသပ်ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ငွေတိုက်အဆောက်အအုံ အတွက် မြေနေရာရရှိလာပါက နှစ်စဉ် ဘတ်ဂျက်တင်ပြတောင်းခံချိန်တွင် ထည့်သွင်းတောင်းခံပြီး ပထမဦးစွာ ဘဏ်ငွေတိုက်ခွဲအဆင့်ပေးခြင်းနှင့် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်နှင့်ဆက်သွယ်သူများပြားလာမှု အပေါ်မူတည်ပြီး မြို့နယ်ဘဏ်ခွဲ အဆင့်သို့ တိုးမြှင့်ခြင်းတို့ကို ဆက်လက် သုံးသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သည် ၂ဝ၁၇ ခုနှစ် မေ ၁၈ ရက်မှ သြဂုတ် ၃၁ ရက်အထိ အစည်းအဝေး ကျင်းပရက် ၅၃ ရက် ကျင်းပခဲ့ပြီး အစည်းအဝေး ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များသည် ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော် သို့ ကြယ်ပွင့်ပြမေးခွန်း ၂၃၅ ခုနှင့် ကြယ်ပွင်မပြ မေးခွန်း ၂ဝ၈ ခု တို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုချင်း အနေဖြင့်လည်းကောင်း၊ ဝန်ကြီးဌာန အချင်းချင်းပေါင်းစပ်၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များနှင့် ပေါင်းစပ်ညှိနှိုင်း၍လည်း ကောင်း လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ ဖြေကြား ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်းကဏ္ဍတွင် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆို ၆ ခုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူညီခဲ့သည့် အတွက် လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အဆို ၄ ခုကို အတည်ပြုခြင်း၊ အဆို ၁ ခုကို မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်ဆောင်ရွက်ရန်အဆို ၁ ခု ကျန်ရှိပါကြောင်း။
ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်က ပေးပို့ထားသည့် ဥပဒေကြမ်း ၅ ခုတို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာ ဖတ်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် ဥပဒေကြမ်း ၄ ခုကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာပါ ကြောင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းပြီး အတည် ပြုချက်ဖြင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့သည့် ဥပဒေကြမ်း ၉ ခုတို့ကို ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ လွှတ်တော် က ဥပဒေကြမ်း ၇ ခုကို ပြင်ဆင်ချက်ဖြင့်လည်းကောင်း၊ ဥပဒေကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြု၍လည်းကောင်း ပြည်သူ့လွှတ်တော် သို့ ပေးပို့ခဲ့ပါကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားခြင်းနှင့် လွှတ်တော် ၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကာ ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူ ကြောင်းဆုံးဖြတ်ချက် ပေးပို့လာခြင်းကို လွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း၊ ထို့အတူ ၂ဝ၁၇ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် ကော်မတီ ၁၂ ခု၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော် က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများက လွှတ်တော်အစည်းအဝေးကာလအတွင်း အစည်းအဝေးစုစုပေါင်း ၁၇၄ ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်မား စေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲ (Debate)ကို ၈ ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပါကြောင်း။
ကိုယ်စားလှယ်များအတွက် သုတေသန၊ ပြည်သူ့ ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို ၃ စောင် ထုတ်ဝေခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးက သိရှိလိုသည့် သတင်း အချက်အလက် မေးမြန်းခဲ့မှုများအနက် ၁၁၃ စောင်ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ ၂၄ စောင် ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း ပြောကြားသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၃) ရက် မြောက်နေ့ကို ရပ်နားခြင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment