Friday, September 1, 2017

ပဉ္စမပုံမှန်အစည်းအဝေး (၅၄)ရက်မြောက်နေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှုတ်ခွန်းဆက်အမှာစကားပြောကြား


Image may contain: one or more people
နေပြည်တော် သြဂုတ် ၃၁
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်း ၄ ခု မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း၏ ခရမ်း မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ကြက်၊ ငါး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် မည်သို့ ကူညီပံ့ပိုးပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ ငါးကန်ဧရိယာ ဧက ၁၆ဝဝ တွင် ငါးတန်နှင့် ရေချိုငါးမုတ်တို့အား တစ်ဧကလျှင် ကောင်ရေ ၃ဝဝဝ နှုန်းဖြင့် ထည့်သွင်းမွေးမြူပြီး အဆိုပါငါးကန်များပေါ်တွင် ကြက်ခြံ ၃၂၈ ခြံ၊ ကြက် ကောင်ရေ ၇ သိန်းခန့် မွေးမြူလျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးလုပ်ငန်းစခန်း ၃ ခုဖြစ်သော လှော်ကား၊ လေးဒေါင့်ကန်နှင့် တွံတေးစခန်းတို့မှ ကြီးထွားနှုန်းကောင်းပြီး မျိုးကောင်း၊ မျိုးသန့် ငါးသားပေါက်များကို ဈေးနှုန်းချိုသာစွာရရှိရေးအတွက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒေသခံငါးမွေးတောင်သူများ ကိုယ်တိုင်ငါးသားဖောက် နိုင်ရေးအတွက် တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံ ၂ ခုအား သက္ကယ်ကုန်းကျေး ရွာနှင့် ပုဇင်းနီးကန်ကျေးရွာတို့တွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဆိုပါ မွေးမြူရေးငါးများ ပြည်ပဈေးကွက်လိုအပ်ချက် စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ (ISO–17025)အဆင့်ရှိ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စစ်ဆေးပြီး ထောက်ခံချက်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ခရမ်းမြို့နယ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းများသည် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖြစ်၍ Cold Storage အဆင့်တည်ဆောက်ပါက ကုန်ကျ စရိတ်များပြားနိုင်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ ကြက်သားဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ကြက်သားအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချစေရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး ခေတ်မီသိုလှောင်ရုံများ တည်ဆောက်နိုင်ရေးအစီအစဉ်များ ချမှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ခေတ်မီနည်းပညာများ ကူညီပေးခြင်းနှင့် ပတ်သက်၍ ကြက်မွေးမြူရေး နည်းပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန် ဆေးဝါးများအပါအဝင် နည်းပညာဆိုင်ရာ ပညာပေးဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ ငါးမွေးမြူကန်မှထွက်ရှိသော ငါးများအား ဈေးကွက်ဝင်ရောင်းချနိုင်ရေး အတွက် မွေးမြူသည့်နည်းပညာများပေးခြင်း၊ ငါးဆေးထိုးသားဖောက် သင်တန်းများ သင်ကြားပို့ချပေးခြင်းစသည့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများအပြင် မွေးမြူသူများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ်မြို့နယ် နားဆိုင်းကျေးရွာတွင်တည်ရှိသော နမ့်အွန်ရေတံလျှောက်ကို သံပေါင်ရက်မ ဆက်လက်တပ်ဆင်ပေးခြင်း၊ ကွန်ကရစ်တိုင်အောက်ခြေမွမ်းမံခြင်း၊ နမ့်အွန် ရေတံလျှောက် ရေဝင်လမ်း၊ ရေထိန်းတံခါးနှင့် ရေလွှဲတံခါးတပ်ဆင်ပေးရန်၊ ရေဝင်လမ်းကြောင်းထိပ်မှ ရေထွက်ဦးအထိ ကျောက်စီနံရံထိန်းချမှတ် ဆောင်ရွက်ပေးရန်၊ နမ့်အွန်ရေတံလျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် နားဆိုင်းကျေးရွာ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်အွန်ရေထွက်မှ ရေကိုသွယ်ယူ၍ နမ့်ကတ်ချောင်းကိုဖြတ်ကာ တည်ဆောက် ထားသော နမ့်အွန်ရေတံလျှောက်မှာ ဒေသမှတည်ဆောက်ထိန်းသိမ်းထားသော ရေပေးအဆောက်အအုံ တစ်ခုဖြစ်ပြီး လယ်မြေ ၂၃၅ ဧကခန့်အား စိုက်ပျိုးရေ ပေးဝေလျက်ရှိပါကြောင်း၊ အဆိုပါရေတံလျှောက်မှာ အလျား ပေ ၂ဝဝ၊ အမြင့် ၃၅ ပေခန့်ရှိပြီး မူလက သစ်သားတိုင်၊ သစ်သားအခင်း၊ အကာ များဖြင့် တည်ဆောက်ထားကာ သစ်သားတိုင်များမှာ ခိုင်ခံ့မှုအားနည်းနေသော ကြောင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သန်း ၄ဝ ကျော်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍ သစ်သားတိုင်များအစား ကျောက်စီကွန်ကရစ်တိုင်ဖြင့် အခိုင်အမာ ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထို့နောက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၄ သန်းကျော်ဖြင့် သံပေါင် ရက်မ တပ်ဆင် ခြင်း၊ ရေသွားလမ်းသစ်သားကြမ်းခင်းနှင့် အကာပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ရန်ပုံငွေ ရရှိသည့်အပေါ်မူတည်၍ ၆ဝရာခိုင်နှုန်းခန့်သာ ပြုပြင်ပေးနိုင်ခဲ့သဖြင့် လက်ရှိအခြေအနေအရ ထပ်မံပြုပြင်ပေးရန် လိုအပ်လျက် ရှိပါကြောင်း။
နမ့်အွန်ရေတံလျှောက်သည် မူလကတည်းကဒေသမှ ထိန်းသိမ်းထားသော ရေပေးအဆောက်အအုံတစ်ခုဖြစ်ပြီး အကျိုးပြုဧက ၂၃၅ ဧကခန့်သာ ရှိခြင်း ကြောင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရေသောက် တောင်သူများ စုပေါင်း၍ဆောင်ရွက်ပါက ကောင်းမွန်နိုင်နင်းစွာ ဆောင်ရွက် နိုင်သောကြောင့် လည်းကောင်း၊ အထူးပြင်ဆင်ရန် လိုအပ်လာပါက ပြည်နယ် ရန်ပုံငွေ တင်ပြတောင်းခံ၍ ဌာနမှတာဝန်ယူပြုပြင်ပေးလျက်ရှိသောကြောင့်လည်းကောင်း ကျေးရွာမှ ဆက်လက်ထိန်းသိမ်းသင့်သည့် အသေးစားရေပေး အဆောက်အအုံ ဖြစ်ပါကြောင်းနှင့် နမ့်အွန်ရေတံလျှောက်နှင့် ဆက်စပ် ရေပေးအဆောက်အအုံများ၊ ရေဝင်မြောင်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်ရန်ပုံငွေကျပ်သန်း ၁၃ဝ အား ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်အခြေခံပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်နှင့် လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူတို့၏ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက် အမှာ စကားပြောကြားရာတွင် ၂ဝ၁၇ခုနှစ် မေလ ၁၈ ရက်က စတင်ကျင်းပခဲ့သည့် ပဉ္စမပုံမှန် အစည်းအဝေးသည် ယနေ့တွင်(၅၄)ရက်မြောက် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၃၁ဝ မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၇၂၉ ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အရေးကြီးအဆို ၂ ခု အပါအဝင် အဆို ၂၃ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ၁၁ ခုနှင့် မှတ်တမ်းတင် အဆို ၁၂ခု တို့ ဖြစ်ကြပါကြောင်း၊ ဥပဒေကြမ်းများ အနေဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၃၃ ခုရှိပြီး ဥပဒေကြမ်း ၁၆ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၇ ခု ကျန်ရှိပါကြောင်း။
ယခုအစည်းအဝေးကာလအတွင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ ၁၉ ခု၏ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်းနှင့် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ တာဝန်များအား ပြင်ဆင်သတ်မှတ်ခြင်းများ ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ကော်မတီအဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို ကော်မတီ အဖွဲ့ဝင်အဖြစ် အစားထိုးတာဝန်ပေးအပ်ခြင်းနှင့် တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ငါးဦးကို လေ့လာသူများအဖြစ် အစားထိုးတာဝန် ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် ဥပဒေပြုရေးတာဝန်များ ဆောင်ရွက်သည့်အခါတွင် မိမိတို့ အတည် ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ် မပေးနိုင်သည့် ဥပဒေများဖြစ်နေပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေနိုင်သည်ကို အထူးသတိပြုကြရမည်ဖြစ်ပါကြောင်း၊ တင်းကျပ် သည့် ဥပဒေများသည် ပြင်းထန်သည့်အုပ်ချုပ်မှုပုံစံ (Extremism)နှင့် ဥပဒေအရ အုပ်ချုပ်ခြင်းပုံစံ (By the Law) များကို ဦးတည်သွားစေနိုင်ပါကြောင်း၊ ယင်းသို့အဖြစ်မျိုးများကို ရှောင်ရှားပြီး ဥပဒေဆိုသည်မှာ ဖိနှိပ်ချုပ်ချယ်ရေး အတွက် မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင် မှသာ လူထုအကျိုးပြုဥပဒေများအဖြစ် ပြည်သူက အားကိုးယုံကြည်လာကြ မည်ဖြစ်ပါကြောင်း၊ ထို့အတူ လွှတ်တော်၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် Check and Balance ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်စားလှယ်များ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့် ရနေသည်ကို ကိုယ်တိုင်မြင်တွေ့ကြားသိကြပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များ၊ စည်းကမ်းချက်များနှင့် မညီညွတ်သည့် မေးခွန်းများ၊ အဆိုများကိုသာ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအတွက် ပြန်လည် ပြင်ဆင်တည့်မတ်ပေးခြင်း အနည်းငယ်သာရှိသည်ကို ပွင့်လင်းစွာ အသိပေး ပြောကြားလိုပါကြောင်း။
အစည်းအဝေးရပ်နားထားစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံသည့်အခါတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ပြုမူဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူလူထုက ယုံကြည်အားကိုးလေးစားတန်ဖိုးထားရသူများအဖြစ် ပြုမူပြောဆို ဆက်ဆံ နေထိုင်သွားကြရန် အထူးမှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်၊ အာဏာပိုင်အဖွဲ့အစည်းက အလေးထားအပ်သူများအဖြစ် ကျင့်ကြံ လုပ်ကိုင်ကြရန် အရေးကြီးပါကြောင်း၊ မိမိတို့သည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နေသူများပီပီ ပြည်သူလူထုကိုလည်း ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို လေးစားလိုက်နာ ကြစေရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် All Inclusive Democracy ဖြစ်လာရေး မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေပြုရေးတာဝန်များကို တာဝန်သိသိ၊ သစ္စာရှိရှိနှင့် ဆက်လက် ထမ်းဆောင်နိုင်ကြရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကို အမြဲမပြတ် စွမ်းရည်မြှင့်တင် ဆောင်ရွက်နိုင်ရန်လည်း ကြိုးစားပေးကြပါ။ ပြည်သူလူထုနှင့် ကင်းကွာမနေ ဘဲ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စားလှယ်များအဖြစ် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံဆောင်ရွက်ပေးကြပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ပေးကြပါ။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်းများကိုလည်း စေ့စေ့စပ်စပ် ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး ပြည်သူအားလုံးပူးပေါင်းပါဝင်သည့် Public Democratic Participation ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းဖြင့် နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကိုလည်း မျက်ခြည်မပြတ် သတိပြုကာကွယ်ပေးကြပါ။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်သည့်၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားစေနိုင်သည့် အကြမ်းဖက်မှုအန္တရာယ်များကိုလည်း သတိတရားလက်ကိုင်ထားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတားဆီးဖယ်ရှားပေးကြပါဟု ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
(အောင်ရဲသွင်၊ မီမီဖြိုး)

No comments:

Post a Comment