Friday, September 1, 2017

တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းနေနိုင်အောင် အကူအညီပေးစေချင်ပါတယ်၊ ကိုယ့်နေရာမှာကိုယ်ပြန်ပြီး နေချင်ပါတယ်


Image may contain: 1 person
ရခိုင်ပြည်နယ်(မြောက်ပိုင်း) မောင်တောမြို့နယ်အတွင်း၌ သြဂုတ် ၂၆ ရက် ညပိုင်းက ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် မြို့သူကြီး ရွာအနီးရှိ အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်လာသည့် ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခြောက်ဦးမှာ သေဆုံးသွားခဲ့သည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ဒေသခံတိုင်းရင်းသားများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် လျက်ရှိရာ မောင်တောမြို့ ရပ်ကွက်(၃)ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင်အချို့အား သတင်းအဖွဲ့က တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
ဒေါ်ရာဘူရီး၊ အသက် (၆၂) နှစ် ဟိန္ဒူဘာသာဝင်
ကျွန်မရဲ့တူမိသားစုက သြဂုတ် ၂၆ ရက် ညပိုင်းက အလယ်သံကျော်ရွာ ဘက်ကနေ မောင်တောကိုပြန်လာတာ (၃)မိုင်လမ်းဆုံအထိ တခြားသူတွေ ရော ပါလာတယ်လို့ သိရပါတယ်။ (၃)မိုင်ရွာဘက်ကနေ ဒီဘက်ဆက်လာရင်း မြို့သူကြီးရွာနားရောက်တော့ သေနတ်သံတွေကြားရလို့ အနားမှာရှိတဲ့ ဆောက်လက်စ အဆောက်အအုံထဲကို လုံခြုံမယ်ထင်ပြီး ခိုဖို့ တက်ပြေးတဲ့ အချိန်မှာ အဲဒီမှာရောက်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ တွေ့ပြီးတော့ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
တူလင်မယားနဲ့ သူ့ရဲ့မိသားစု စုစုပေါင်း ခြောက်ဦးအသတ်ခံရပါတယ်။ သူတို့အားလုံး စုစုပေါင်း ရှစ်ဦးမှာ ခြောက်ဦးက အခုလို အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကျန်တဲ့နှစ်ဦးကတော့ လွတ်သွားပါတယ်။ လွတ်သွားတဲ့ နှစ်ဦးတော့ ဒီမှာမရှိပါဘူး။ ဘူးသီးတောင်ဘက်ကို သွားတယ်လို့ သိရပါတယ်။ (၄)မိုင်ရွာ မှာရှိတဲ့ ဟိန္ဒူဘာသာဝင်တစ်ယောက်က အဲဒီဖြစ်စဉ်ကို ပြောပြလို့ သိရပြီး တာဝန်ရှိသူတွေနဲ့ နောက်နေ့မနက်ပိုင်းမှာ သွားကြည့်တော့ အလောင်းတွေ တွေ့ရပါတယ်။
ကျွန်မတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းနေနိုင်အောင် အကူအညီပေးစေချင်ပါတယ်။ ကိုယ့်နေရာမှာကိုယ်ပြန်ပြီး နေချင်ပါတယ်။
ရာမ်းဖော်ဒေါရ်၊ အသက် (၂ဝ)နှစ် ဟိန္ဒူဘာသာဝင်
သြဂုတ် ၂၆ ရက် ညက အကြမ်းဖက်သမားတွေသတ်လို့ သေသွားတာ ကျွန်တော့်အစ်ကို၊ သူ့မိန်းမနဲ့ ကလေးတွေပါ။ သူတို့က ဆံပင်ညှပ်လုပ်ငန်း လုပ်ပါတယ်။ မြင်းလွတ်မြို့မှာ ဆံပင်ညှပ်ပါတယ်။ အဲဒီနေ့က အလယ်သံကျော် ကနေ လုံခြုံရေးတွေနဲ့အတူ လိုက်လာပြီးတော့ (၃)မိုင်ရွာနားရောက်တော့ သူတို့ဘာသာသူတို့ မောင်တောဘက်ကို ပြန်လာတာ မြို့သူကြီးရွာနား ရောက်တော့ သေနတ်သံကြားတဲ့အတွက် ဆောက်လက်စမောင်တောခရိုင် တရားရုံးထဲဝင်ပြေးကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ တရားရုံးထဲ မှာရှိနေတဲ့ အကြမ်းဖက်သမားတွေ သတ်တာခံလိုက်ရတာဖြစ်ပါတယ်။ ကျွန်တော့်အစ်ကိုနဲ့ သူ့ရဲ့မိသားစုတွေကို အကြမ်းဖက်သမားတွေက သတ်ပစ် လိုက်တာ ဖြစ်ပါတယ်။
ဦးမီလောန် ၊ အသက် (၅၈) နှစ် ဟိန္ဒူဘာသာဝင်
အခုဒီစခန်းမှာ ရွာသုံးရွာကနေ အကြမ်းဖက်အန္တရာယ်ကိုကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဟိန္ဒူဘာသာဝင် ၁၈၄၂ ဦးရှိပါတယ်။
အကြမ်းဖက်သမားတွေက သြဂုတ် ၂၆ ရက်က ဟိန္ဒူဘာသာဝင် ခြောက် ဦးကို မြို့သူကြီးရွာနားမှာ သတ်ပစ်လိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒါ့အပြင် ခမောင်းဆိပ်ကျေးရွာမှာရှိတဲ့ မိသားစုတွေထဲက အမျိုးသမီး ခြောက်ဦး၊ ကလေး လေးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအဓမ္မဖမ်းပြီး ခေါ်ဆောင် သွားတယ်။ သူတို့ကို ဖမ်းသွားတဲ့သူတွေက ငါတို့ဘာသာထဲဝင်မလား၊ ငါတို့ကို ယူမလား မေးတယ်တဲ့။ အသတ်ခံရမှာကြောက်လို့ ယူပါမယ်။ သူတို့ဘာသာထဲ ဝင်မယ် ဖြေရတယ်လို့ သိရတယ်။ အဲဒီတော့ သူတို့က နင်တို့ရွာက လူတွေကို ငါတို့သတ်တာ မဟုတ်ဘူးလို့ ပြောရမယ်၊ တိုင်းရင်းသားတွေ သတ်တာလို့ ပြောခိုင်းတယ်လို့ သိရပါတယ်။ ပြီးတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခေါ်သွားတယ်။ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်၊ နှိပ်စက်တယ်တဲ့။ အခု အဲဒီအမျိုးသမီးတွေနဲ့ ကလေးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘာသာဝင်တွေက ကယ်တင်ပေးထားတယ်။ သူတို့ ဟိန္ဒူရွာမှာရှိတယ်လို့ ဖုန်း အဆက်အသွယ်ရလို့ သိရပါတယ်။
ခူကန်းဒေါ့ရ်၊ အသက် (၂၉) နှစ် ဟိန္ဒူဘာသာဝင်
ခမောင်းဆိပ်ရွာမှာ ကျွန်တော့်အစ်ကိုက ပန်းထိမ်လုပ်ပါတယ်။ အစ်ကို့ နာမည်က ပူဖောင်ဒေါရ်ဖြစ်ပြီး သူ့မိန်းမနာမည်က ရီးခါဖြစ်ပါတယ်။ ကလေး သုံးယောက်ရှိပါတယ်။ ကျွန်တော့်အစ်ကိုကိုသတ်ပြီး သူ့မိန်းမကို မူဆလင် ဘာသာထဲ ဝင်ရမယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခေါ်သွားတယ်လို့ သိရပါတယ်။
ရွာက အမျိုးသားအချို့ကိုလည်း သတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ စုစုပေါင်းဖမ်းဆီးခံရတာ ကျွန်တော့်အစ်ကိုရဲ့မိန်းမ အပါအဝင် အမျိုးသမီး ခြောက်ဦးနဲ့ ကလေးတွေဖြစ်ပါတယ်။ အစ်ကို့ကို အကြမ်းဖက်သမားတွေက သတ်လိုက်တယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ အစ်ကို့ မိန်းမက ဖုန်းဆက်ပြောတာပါ။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဟိန္ဒူ အဖွဲ့အစည်းတစ်ခုက ကယ်တင်ပြီး စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။
(သတင်းအဖွဲ့)

No comments:

Post a Comment