Friday, September 1, 2017

ပဲမျိုးစုံဈေးကွက်အလားအလာနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ညှိနှိုင်းစည်းဝေး

Image may contain: one or more people, people sitting and indoor
နေပြည်တော် သြဂုတ် ၃၁
ပဲမျိုးစုံဈေးကွက်အလားအလာနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအကြို ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃ဝ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ၏ နည်းပညာဆိုင်ရာ ဦးဆောင်မှုအပိုင်းတွင် တာဝန်ယူထားရသည့်အားလျော်စွာ တာဝန်ရှိသူ အဆင့်ဆင့်တို့က မူဝါဒပိုင်း၊ ဥပဒေ နည်းဥပဒေပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ရန်နှင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည့်နည်းတူ ပြောင်းလဲတိုးတက်လာသော နည်းပညာပိုင်းကို မျက်ခြည်မပြတ်လေ့လာပြီး ဆန်းသစ်တီထွင် လုပ်ကိုင်ကြရန်လိုကြောင်း၊ စာရင်းဇယား ကိန်းဂဏန်း တိကျမှန်ကန်ရန်နှင့် သတင်းအချက်အလက် နည်းပညာကို အကျိုးရှိရှိအသုံးချဆောင်ရွက်ကြရန် အသေးစိတ်ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးသာမက ဈေးကွက်၏ တောင်းဆိုမှုနှင့် ဈေးကွက်လိုအပ်ချက်၊ ဒေသတွင်းနှင့် နိုင်ငံတကာတို့၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းတွက်ချက်ပြီး တောင်သူများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ၊ လုပ်ငန်းရှင်များအပိုင်း၊ တောင်သူများအပိုင်းနှင့် သက်ဆိုင်သူများအားလုံးတို့က နည်းပညာရပ်ပိုင်းဆိုင်ရာ လမ်းညွှန် အကြံပြုချက်များနှင့် ဥပဒေနည်းဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ဝိုင်း
ဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း အမြဲတမ်းအတွင်းဝန်က ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်နှင့်အတူ စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီ
ပြည်ထောင်စုနယ်မြေ၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်၊မကွေး၊ မန္တလေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့မှ စိုက်ပျိုးရေးဦးစီးဌာနမှူးများ တက်ရောက်ဆွေးနွေးကြသည်။
(ကြေးမုံ)

No comments:

Post a Comment