Monday, September 4, 2017

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောခရိုင်၌ ကျောင်းများယာယီပိတ်ထား

Image may contain: sky and outdoor
မောင်တော စက်တင်ဘာ ၃
သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွား ခဲ့သည့် ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ရှိ အခြေခံပညာကျောင်းပေါင်း ၄၁၈ ကျောင်း ကို ယာယီပိတ်ထားရကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
''လက်ရှိအကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်ကြောင့် မောင်တောဒေသမှာရှိတဲ့ အခြေခံ ပညာကျောင်းအားလုံးကို ယာယီပိတ်ထားပါ တယ်။ ဒီလိုပိတ်ထားတာကလည်း ပြည်နယ် အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ ပိတ်ထားတာဖြစ်ပါတယ်''ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
ယာယီပိတ်ထားသည့် အခြေခံပညာ ကျောင်းများမှာ မောင်တောမြို့နယ်တွင် ၁၈၃ ကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၂၁၂ ကျောင်း၊ ရသေ့တောင်မြို့နယ်တွင် ၂၃ ကျောင်း စုစုပေါင်း ၄၁၈ ကျောင်းဖြစ်ကြောင်း သိရသည်။
နယ်မြေအခြေအနေကြောင့် စာသင် ကျောင်းများ ယာယီပိတ်ထားသော်လည်း အခြေအနေတည်ငြိမ်အေးချမ်းလာပြီး စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပိတ်ရက်များကို အစားထိုးသင်ကြားပေး သွားရန် စီစဉ်ထားကြောင်း၊ ယခုပညာသင်နှစ် တွင် မောင်တောဒေသရှိ အခြေခံပညာကျောင်း အားလုံး၌ တက်ရောက်ပညာသင်ကြားနေ သည့် ကျောင်းသား ကျောင်းသူဦးရေ ၈ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့(၄)ရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်အေးမောင်က ''ကျွန်တော့်သမီးက အခုပဉ္စမတန်းမှာ တက်ရောက်ပညာသင်ကြားလျက် ရှိပါတယ်။ ကျောင်းတွေပိတ်ထားတဲ့ အတွက် ကျွန်တော့်သမီးရဲ့ ပညာရေးကို စိုးရိမ်မိတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေဖြစ်တိုင်း ကျောင်း တွေ ခဏခဏပိတ်ထားရတယ်။ ရေရှည်မှာ ဒီမှာရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် ရင်လေးမိတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားပြီး သြဂုတ် ၂၆ ရက်မှာ ကျောင်းတွေ ပိတ်လိုက်တယ်။ ဘယ်လောက်အထိ ကြာမယ် ဆိုတာတော့ မသိရသေးပါဘူး''ဟု ၎င်း၏ခံစားချက်ကို ပြောပြသည်။
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် မောင်တောဒေသ၌ အခြေခံပညာကျောင်း အချို့ကို သီတင်းတစ်ပတ်မျှသာ ပိတ်ထားခဲ့ရပြီး ယခုဖြစ်ပွားသည့် ဖြစ်စဉ်တွင် စာသင်ကျောင်းအားလုံးကို ပိတ်ထားရကြောင်း သိရသည်။
သတင်း-တင်မောင်လွင်၊ မင်းထက်အောင်
ဓာတ်ပုံ-လှကျော်(ပြန်/ဆက်)

No comments:

Post a Comment