Thursday, September 21, 2017

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက ချမှတ်အတည်ပြုထားသည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အသက်ဖြစ်ပြီး လေးစားလိုက်နာရန်လိုအပ်

Image may contain: 1 person, sitting, table and indoor

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်
ရန်ကုန် စက်တင်ဘာ ၂ဝ
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)က ချမှတ်အတည်ပြုထားသည့် လုပ်ထုံးလုပ်နည်း(SoP)နှင့် လုပ်ငန်း လမ်းညွှန်(ToR) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အသက်ဖြစ်ပြီး လုပ်ထုံးလုပ်နည်း နှင့် လုပ်ငန်းလမ်းòန်ကို လေးစားလိုက်နာမှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရန်ကုန်ရုံး၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဘယ်လိုလုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာရင်၊ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လို ထိတွေ့မှုတွေ၊ ဘယ်လိုမျိုးပဋိပက္ခတွေ ပေါ်ပေါက်လာရင် ဘယ်လိုမျိုးလုပ်မယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေကိုJMC-U မှာ ချမှတ်ထားတာရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အသက်ဖြစ်ပါတယ်။ အစည်းအဝေး တက် ရောက်လာတဲ့JMC-U ခေါင်းဆောင်တွေက တစ်ချက်ချင်း၊ တစ်ချက်ချင်း ဆွေးနွေး ဆုံးဖြတ်ပြီးတော့မှ အတည်ပြုထားတာဖြစ်တဲ့အတွက် အဲ့ဒီ SoP ၊ ToR တွေကို လေးစားလိုက်နာမှသာလျှင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်မှာဖြစ်ပါတယ်''ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂ဝ ရက်မှ ၂၂ ရက်အထိ သုံးရက်တာကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ဒေသခံအရပ်သားစောင့်ကြည့်သူများ (Local Civilian Monitors) ဖွဲ့စည်းရေး၊ ထိတွေ့မှုများရှောင်ရှား နိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရန် ဆွေးနွေးခြင်းနှင့်JMC-Uအတွက်အရေးကြီး သည့် အတည်ပြုပြီးဖြစ်သော လုပ်ထုံးလုပ်နည်း(SoP)နှင့် လုပ်ငန်းလမ်းညွှန် ( ToRျ)အတွက် ပြန်လည်သုံးသပ်ရန် မူဝါဒတောင်းခံခြင်းတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ဲဃြ-့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ''အဓိကအားဖြင့် ကျွန်တော် တို့ JMC-Uမှာ ဖွဲ့စည်းထားတာကလည်း အားလုံးသိကြတဲ့အတိုင်း ပဋိပက္ခမှာ အဓိကပါဝင်ပတ်သက်နေသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရယ်၊ တပ်မတော်ပိုင်းရယ်၊ အစိုးရပိုင်း ရယ်က ပဋိပက္ခမှာ အဓိကပါဝင်သူတွေ ဖြစ်ပါတယ်။ ဒ့ါအပြင် ပဋိပက္ခကိုခံစားနေ ရတဲ့ ပြည်သူလူထု၊ အရပ်သားကိုယ်စားလှယ်တွေနဲ့ အဓိကထားပြီး ဖွဲ့စည်း တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုကြည့်ရင် ပဋိပက္ခမှာ အဓိကပါဝင်နေတဲ့အတွက်ကြောင့် တစ်ဖက်နဲ့ တစ်ဖက်က ကိုယ့်ရဲ့ လိုလား ချက်တွေ၊ တင်ပြမှုတွေများလာပါတယ်။ သို့သော်လည်း ဒီမှာဘာရှိလဲဆိုရင် တစ်ဖက်က တရားသူကြီးအနေနဲ့ အရပ်သားကိုယ်စားလှယ်တွေကိုခန့်အပ်ထား တာဖြစ်တဲ့အတွက် ဒီအပေါ်မှာ လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ ပြည်သူ လူထုက တရားသူကြီးအဖြစ်ဆောင်ရွက်တဲ့ အနေအထားကလည်း ဘယ်ပေါ်မှာ ထားပြီး ဆောင်ရွက်သလဲဆိုရင် ကျွန်တော်တို့ ကြိုတင်သဘောတူညီထားတ ToR တွေ၊ဲ့ SoP တွေအပေါ်မှာ မူတည်ပြီးတော့မှ တိတိကျကျလိုက်နာဆောင်ရွက် ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပုံစံဟာ လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံတကာက လက်ခံကျင့်သုံးလာနိုင်တဲ့ မော်ဒန်ပုံစံမျိုးလည်း ဖြစ်တယ်ဆိုတာကို တွေ့ရပါမယ်''ဟု နှုတ်ခွန်းဆက်အမှာစကား တွင် ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အကောင်အထည်ဖော်မှုတွင် မိမိတို့နှစ်ဖက် ယုံကြည်မှုအဆင့် မြင့်မားလာရန်လိုကြောင်း၊ လက်နက်ကိုင်နှစ်ဖက်အကြား လက်ရှိ ယုံကြည်မှုမှ နောက်ဆုတ်မသွားရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်သော ရှောင်ရှားသင့်သည့် အပြုအမူများကို နှစ်ဖက်ရှောင်ရှား သွားကြရမည်ဖြစ်ကြောင်း၊ တန်းတူညီတူမှုနှင့် အပြန်အလှန်လေးစားမှုများကို အသိအမှတ်ပြုရမည်ဖြစ်ပြီး နှစ်ဖက်အကြား ပုံမှန်ဆက်ဆံမှုမျိုးရှိရန် လိုအပ်သလို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ အရပ်သားပါဝင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု၊ အရည် အသွေးမြှင့်တင်မှုများကို JMC-U ၏ အရပ်သားကိုယ်စားလှယ်များက ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ အရပ်သားများ သည် မိမိတို့လက်နက်ကိုင်နှစ်ဖွဲ့အကြားတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေစောင့်ကြည့် သူအဖြစ် ရပ်တည် သွားနိုင်မှ JMCအကောင်အထည်ဖော်မှုသည် အောင်မြင်သည့် အသိအမှတ်ပြုမှုကိုခံရမည်ဖြစ်ကြောင်း။
NCA နှင့်ပတ်သက်၍ အောက်ခြေလူထု နားလည် သဘောပေါက်ရန်နှင့်JMC အပေါ်တွင် ယုံကြည်မှုတည်ဆောက်ရန်လိုကြောင်း၊ အရပ်သူ၊ အရပ်သား များသည် စစ်၏အနိဋ္ဌာရုံကို တစိုက်မတ်မတ်ခံစားလာရခြင်းကြောင့်JMCအကောင် အထည်ဖော်မှုတွင် ယင်းတို့ကိုယ်တိုင်ရဲရဲတင်းတင်းနှင့်ယုံယုံကြည်ကြည် ပါဝင်ရန် လိုကြောင်း၊NCA ၏ ရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မည်ဖြစ်၍ တစ်ပြည်လုံးတွင်ရှိသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊JMC၏ တရားမျှတမှုနှင့် အောင်မြင်မှုကိုယုံကြည်မှ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့်အခက်အခဲမဆို သည်းခံစိတ် ထား၍ စိတ်ရှည်ရှည်၊ ဇွဲရှိရှိဖြင့် ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကားတွင် ပြောကြားသည်။
အရပ်သားကိုယ်စားလှယ်များအစုအဖွဲ့မှ JMC-Uဒုတိယဥက္ကဋ္ဌ(၂) စောမက် သယူးအေးက ''ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ ကျွန်တော်တို့ရဲ့ ပါဝင်လုပ်ဆောင်မှုအရJMCရဲ့ ရုပ်လုံးဟာ စတင်ပေါ်ပေါက်လာပြီလို့ပဲ ကောက်ချက်ချချင်ပါတယ်။ အောက်ခြေအဆင့်မှာဆိုရင် အဓိကအားဖြင့် အရပ်သားများရဲ့ အခန်းကဏ္ဍ၊ အရပ်သား များရဲ့စောင့်ကြည့်ရေး Civilian Monitor ဟာ အရေးကြီးလာပါပြီ။ ဖြစ်စဉ် နဲ့အတူ ကျွန်တော်တို့ရဲ့ ပါဝင်လေ့လာမှုအရ နိုင်ငံတော်က လုပ်ဆောင်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပြည်သူကလည်း စိတ်ဝင်စားမှုရှိတယ်။ ကူညီပံ့ပိုးလိုတဲ့ဆန္ဒလည်းရှိပါတယ်။ ကျွန်တော်တို့ သုံးသပ် ကြည့်တဲ့အခါကျတော့ ပြည်သူလူထု အနေနဲ့ NCAကို သိတယ်။ ကြားဖူးတယ် ဆိုပေမယ့် ဂဃနဏသိရှိမှုကတော့ အားနည်းနေပါတယ်။JMCကိုလည်း ကြားဖူးတယ်။ သိသလိုလိုရှိတယ်။ ဒီထဲမှာပါဝင်တဲ့ အပိုင်းတွေကိုတော့ သိမှုအားနည်း ပါတယ်။ ‘ဒါကိုသိရှိနိုင်ဖို့ ဆက်ပြီးလုပ်ဆောင်တွန်းအားပေးသွားမှာဖြစ်ပါတယ်'' ဟုပြောသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) သည် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-Sကို သတ်မှတ် ရည်မှန်းထားသည့် နေရာငါးနေရာတွင် အကောင်အထည်ဖော်ဖွဲ့စည်းခဲ့ပြီး အောက်ခြေ ဒေသ္တရ အဆင့်ဖြစ်သည့် ဒေသ္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ကို နှစ်နေရာတွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်သည်။
ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်သား ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment