Wednesday, September 27, 2017

ပြည်ထောင်စုဝန်ကြီး ကယားပြည်နယ်ဦးစီးဌာနရုံးဆောက်လုပ်နိုင်ရန် တာဝန်ရှိသူများနှင့် ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိတိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရုံးများကို စတင်ဖွင့်လှစ် နေပြီဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်သည် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တွေ့ဆုံပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ကယားပြည်နယ်ရုံးအဆောက်အအုံအသစ် ဆောက် လုပ်မည့်မြေနေရာသတ်မှတ်ပေးနိုင်ရေး၊ တိုင်းရင်းသားများ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သည့် အခမ်းအနား များနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာကျင်းပနိုင်ရေး၊ တိုင်းရင်းသားစာပေစကားများကို ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေတို့နှင့်အတူ ဦးစီးဌာနရုံး အဆောက်အအုံဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ရုံး မြေညီထပ် တွင် ဖွင့်လှစ်ထားသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနဦးစီးဌာနများ၏ ကယားပြည်နယ်ရုံးသို့ ရောက်ရှိကြပြီး ရုံးဖွင့်လှစ်ထားရှိမှုနှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မှာကြားသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆောက်လုပ်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ဦးစီးဌာနရုံး အဆောက်အအုံသည် ၈ဝ ပေ x ၆ဝ ပေအကျယ် သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment