Wednesday, September 27, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

Image may contain: 21 people, people smiling, people standing

စစ်တွေ စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးသည်။
ယနေ့ ကူညီထောက်ပံ့ပေးခဲ့သော ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ သာယာ ကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများအား အင်ဒိုနီးရှားနိုင်ငံမှ ကူညီထောက်ပံ့ပေးသော ငါးသေတ္တာ၊ ဘီစကစ်နှင့် အခြားစားနပ် ရိက္ခာများ၊ အိမ်ထောင်စုအလိုက် အသုံးစရိတ်ငွေများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် အနောက်ပြင်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် အကြမ်းဖက်မှုကို လုံးဝမလိုလားကြောင်း၊ အားလုံးကလည်း အကြမ်းဖက်မှုလိုလားမည်မဟုတ်ကြောင်း၊ အကြမ်းဖက်မှုသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ခံစားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဒေသနေပြည်သူတွေအားလုံးတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဒေသ တည်ငြိမ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်တွင် မပါသော၊ ရိုးသားစွာနေထိုင်သော ကျေးရွာ ပြည်သူများကို နိုင်ငံတော်အနေဖြင့် စောင့်ရှောက်ရမည့်ဝတ္တရားရှိကြောင်း၊ ထို့ကြောင့် လိုအပ်သောရိက္ခာများကို လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခု ကူညီထောက်ပံ့ မှုမှာ လတ်တလောအင်ဒိုနီးရှားနိုင်ငံက ခွဲခြားမှုမရှိဘဲ အေးချမ်းစွာနေထိုင်သော ပြည်သူများအားလုံးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အနောက်ပြင်ကျေးရွာမှ ပြည်သူများကလည်း မိမိတို့ကျေးရွာအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သူမရှိကြောင်း၊ အကြမ်းဖက်မှုကိုလည်း မလိုလားပါကြောင်း၊ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ် ဒေသခံတိုင်းရင်းသားအများစု နေထိုင်သော စေတီပြင်ကျေးရွာ သို့ ရောက်ရှိပြီး စေတီပြင်နှင့် သာယာကုန်းကျေးရွာအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားပြောကြားကာ အဆိုပါကျေးရွာရှိ ကလေးငယ်များအား မုန့်နှင့် ကလေးကစားစရာအရုပ်များ ပေးဝေခဲ့သည်။ ထို့အပြင် အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စု ၇ဝ၇ စုအတွက် ငွေ$ကျပ်သိန်းပေါင်း ၁၄၁ သိန်းတစ်သောင်းကို မိသားစု အသုံးစရိတ်အဖြစ် ကူညီထောက်ပံ့ပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ယနေ့ သွားရောက်ကူညီထောက်ပံ့သော အနောက်ပြင်ကျေးရွာမှာ အိမ်ထောင်စု ၆၁၅ စု၌ လူဦးရေ ၂၇၇ဝ ရှိပြီး ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူ ဘာသာဝင်များနေထိုင်ရာ စေတီပြင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် အိမ်ထောင်စု ၇ဝ၇ စု၌ လူဦးရေ ၃၇၂၁ ဦးရှိကြောင်း သိရသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment