Friday, September 1, 2017

မအူပင်၊ ပန်းတနော်၊ အိမ်မဲ၊ ဝါးခယ်မမြို့တို့တွင်ကြိုးကြာခေါင်းနီ ငှက်သိုက် ၅ဝ တွေ့ရှိ

Image may contain: bird, grass, sky, outdoor and nature
နေပြည်တော် သြဂုတ် ၃၁
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမြို့နယ်လေးမြို့ နယ်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ၅ဝ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့သည်။
သစ်တောဦးစီးဌာန၊ မအူပင် တက္ကသိုလ်နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲများထိန်း သိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၌ ကြိုးကြာခေါင်းနီ ငှက်သိုက်များကို မအူပင်မြို့နယ်တွင် ၁၅ သိုက်၊ ပန်းတနော်မြို့နယ်တွင် နှစ်သိုက်၊ အိမ်မဲမြို့နယ်တွင် နှစ်သိုက်နှင့် ဝါးခယ်မမြို့နယ်တွင် ၃၁ သိုက်တို့ကို တွေ့ရှိမှတ်တမ်းတင် ထားနိုင်ခြင်းဖြစ် သည်။
အဆိုပါ ကြိုးကြာခေါင်းနီအသိုက် များကို ဒေသခံလယ်သမားများက သတင်းပေးခြင်းဖြစ်ပြီး အတည်မပြု နိုင်သေးသော ကြိုးကြာငှက်သိုက် များလည်း ကျန်ရှိနေသေးသည်။ သတင်းပေးသောဒေသခံများကိုလည်း အစီအစဉ်အရ ဂုဏ်ပြုခဲ့သည်။
''ဒီနှစ်က အရင်နှစ်တွေထက် ကြိုးကြာအသိုက်တွေ ပိုတွေ့တာက ဒေသခံ လယ်သမားတွေ ပူးပေါင်းလို့တွေ့တာပါ။ ဒေသခံတွေက ကြိုးကြာထိန်းသိမ်း ရေးတွေမှာ ပူးပေါင်းပါဝင်လာကြတယ်။ ကြိုးကြာအသိုက်တွေတွေ့ရင် သတင်းတွေပေးလာကြတယ်။ ဒီတော့ လာမယ့်နှစ်မှာ ကြိုးကြာအသိုက်တွေ ကို ပိုရှာတွေ့ဖို့ မရောက်နိုင်သေးတဲ့ နေရာတွေအထိ ရောက်အောင်သွား မယ်။ ကြိုးကြာထိန်းသိမ်းရေးတွေ ဒီထက်ပိုအောင်မြင်ဖို့ ဒေသခံလူထုနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်''ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်)မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။
ကြိုးကြာခေါင်းနီများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်ပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂ဝ၁၆ ခုနှစ် သုတေသနပြုလုပ်ချက်အရ အသိုက် ၃၇ သိုက်ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းဒေသတွင် ကြိုးကြာခေါင်းနီ များမှာ အကောင်ရေ ၂ဝဝ မှ ၄ဝဝ အတွင်းသာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားသည်။ ကြိုးကြာခေါင်းနီငှက်သိုက်များကို မြန်မာတစ်နိုင်ငံ လုံးတွင် အကောင်ရေ ၅ဝဝ ခန့် ကျန်ရှိနိုင်ကြောင်း သိရသည်။
ကြိုးကြာငှက်သည် ၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ အရ လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ပါဝင် သည်။
(ညီတူး)

No comments:

Post a Comment