Saturday, September 23, 2017

အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပမည်





 နေပြည်တော် စက်တင်ဘာ ၂၂



သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ် ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူး ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၁၃၇၉ ခုနှစ် နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ၁၄ ရက်နှင့် ပြာသိုလဆန်း ၁ ရက် (၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈ ရက်)တို့တွင် ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲများကို အစိုးရ ပထမငယ်တန်း(သို့မဟုတ်) ယင်း နှင့်အလားတူ စာမေးပွဲအောင်မြင်ခြင်း မရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ(ရိုးရိုး)အောင်မြင်ပြီးသူများ သည် အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲ ကိုဖြစ်စေ ဖြေဆိုနိုင်သည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမ ကြီးတန်း၊ ဓမ္မာစရိယတန်း(သို့မဟုတ်) ယင်းနှင့်အလားတူ စာမေးပွဲများ၊ အောင် မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။
အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် တစ်ဆင့် ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်လုံးဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိကြောင်း သိရသည်။
ယခင်က သုံးဆင့်လုံးအပြည့်အစုံ မအောင်မြင်သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံ ဖြေဆိုခွင့်ရှိသည်။
စာမေးပွဲ ဝင်ခွင့်တောင်းခံလွှာများ ကို သက်ဆိုင်ရာစာဖြေဌာနများ တည်ရှိ ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ထားပြီး ဖြစ်၍ ယင်းရုံးများတွင် ဖြေဆိုလိုသည့် ပုံစံများကို တောင်းယူနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment