Saturday, September 2, 2017

စည်းကမ်းလိုက်နာ၊ ဘေးရန်ကွာ







မြန်မာ့အလင်းအယ်ဒီတာအာဘော်




အများညီ၍ 'ဤ'ကို 'ကျွဲ' ဖတ်ဟူသော ဆိုရိုးစကားကဲ့သို့ပင် အမှားအယွင်း တစ်ခုကို လူအများစုတို့က နားလည်မှုယူကာ တညီတညာ ကျင့်သုံးကြရင်း ကြာသော် ''အမှားကြာ၍ အမှန်ဖြစ်''လာခဲ့သည်။ သို့ရာတွင် ကာလမည်မျှ ကြာကြာ အမှားသည် အမှားသာဖြစ်၍ နားလည်မှုဖြင့် အမှားကိုအားလုံးက  ကျင့်သုံးခဲ့ကြရာတွင်လည်း နားလည်မှုလွဲကာ မကြာခဏ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ကြရသည်။
မော်တော်ယာဉ်မောင်းနှင်သူများအားလုံး မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊  အမြန်လမ်းအားလုံး၌  နောက်မှကျော်တက်လိုသော မော်တော်ယာဉ်ကို  ကျော်တက်နိုင်ကြောင်း  ယာဉ်၏လက်ယာမီးဖြင့် မှန်ကန်စွာ အချက်ပြခြင်းကို အလေးထားလိုက်နာကျင့်သုံးကြရန်နှင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှန်သို့  တစ်ပြေးညီ ပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသားယာဉ်အန္တရာယ်၊  လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးနှိုးဆော်ထားသည်။ ပညာပေးကာလအနေဖြင့် သြဂုတ် ၃၁ ရက် နေ့တွင် ကုန်ဆုံးခဲ့ပြီဖြစ်ရာ လက်ရှိအချိန်တွင် မော်တော်ယာဉ်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်တစ်ခုခုတို့ကို ပြစ်မှုထင်ရှား ကျူးလွန်မိပြီဆိုပါက ပြစ်ဒဏ်ချမှတ် အရေးယူခံရလိမ့်မည်ဖြစ်သည်။
တစ်ဖန် လက်ရှိအချိန်အခါသည် အမှားမှ အမှန်သို့ ပြောင်းလဲကျင့်သုံး သည့် စပ်ကူးမပ်ကူးကာလ ဖြစ်သည့်အလျောက် ယာဉ်မောင်းသူများ အကြား နားလည်မှုလွဲမှားနိုင်သည့်အတွက် မော်တော်ယာဉ် ကျော်တက် တော့မည်ဆိုပါက အရိပ်အခြည်ကိုကြည့်ကာ သတိတရားလက်ကိုင်ထား မောင်းနှင်ခြင်းဖြင့်သာ အန္တရာယ်မှ ရှောင်ရှားနိုင်မည်ဟုလည်း အကြံပေး လိုသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များမှ ကင်းဝေးစေရေး၊ ယာဉ် မတော်တဆမှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်းတို့တွင် ယာဉ်ငယ်၊ ကုန်တင်ယာဉ်၊ တွဲယာဉ်၊ ဆီတင်ယာဉ်၊ လိုက်ထရပ်ယာဉ် စသည့် ယာဉ်အမျိုးအစားအလိုက် အမြန် နှုန်းများ သတ်မှတ်ပေးထားပြီးဖြစ်သည့်အပြင် ယာဉ်မောင်းသူနှင့် ယာဉ် စီးနင်းသူများ အသက်ကယ် ခါးပတ် ပတ်ရန်လည်း ပညာပေးနှိုးဆော်မှုများ ပြုလုပ်ပေးခဲ့ပြီး  ယနေ့တိုင်လည်း  ပညာပေးမှုများ  ဆက်လက်ပေးနေ သည်ကို သတင်းများတွင် မြင်တွေ့ဖတ်ရှုနေကြရသည်။
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၃ဝ ရက်က ကျင်းပရာ တွင် ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ''လမ်းသစ်များ ဖောက်လုပ် တည်ဆောက်ကြရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထား ထည့်သွင်းတွက်ချက်ပြီး လမ်းဒီဇိုင်း  စံနှုန်းသတ်မှတ် ချက်များနှင့်အညီ တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင် သည့်အခါတွင်လည်း တာဝန်ယူဆောင်ရွက်နေကြသည့် ဌာန၊ အဖွဲ့အစည်း များအနေဖြင့် လုံခြုံရေးပိုင်းကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြစေလို ပါကြောင်း၊ ထို့အတူ လမ်းညွှန်၊ လမ်းအမှတ်အသားနှင့် အချက်ပြမီး တပ်ဆင်မှုများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း'' ထည့်သွင်းပြော ကြားခဲ့ရာ   လူများ၏   စည်းကမ်းလိုက်နာမှု၊   ယာဉ်များ၏  ကြံ့ခိုင် ကောင်းမွန်မှု၊ လမ်းများ၏ လုံခြုံစိတ်ချရမှုတို့ကို အလေးထားရန်ထောက်ပြ ခဲ့ခြင်း ဖြစ်သည်။
မော်တော်ယာဉ်  မောင်းနှင်သူများ၊  လမ်းအသုံးပြုသူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်သကဲ့သို့ လုံခြုံမှု စံနှုန်းမီသောလမ်းများ ပြုပြင်တည်ဆောက် ဖြည့်ဆည်းပေးခြင်းဖြင့်လည်း ယာဉ်မတော်တဆဘေးမှ ကင်းဝေးနိုင်ကြမည်ဖြစ်ပါကြောင်း။        ။

No comments:

Post a Comment