Saturday, September 23, 2017

အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်ဆုံးဖြတ်





 နေပြည်တော် စက်တင်ဘာ ၂၂



 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များအား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ လမ်းòန် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဝင်များ တက်ရောက်ကြသည်။
ပထမဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသူများနှင့် စပ်လျဉ်း၍ ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်နှင့် အညီ ပြန်လည်စိစစ်လက်ခံရန် ပြောကြား ထားပြီးဖြစ်ကြောင်း၊ ထိုသို့ လက်ခံရာတွင် စိစစ်မှုများလုပ်ဆောင်မည့် လုပ်ငန်းစဉ်၊ လက်ခံမည့် နေရာသတ်မှတ်ချက်၊ စိစစ် လက်ခံရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ စိစစ်လက်ခံပြီးနောက် ယာယီနေရာ ချထားရေးအစီအစဉ်နှင့် ပြန်လည်နေရာ ချထားမည့် အစီအစဉ်၊ တစ်ချိန်တည်း မှာပင် ARSA အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် ရခိုင်တိုင်းရင်းသား များနှင့် မြို၊ ဒိုင်းနက်၊ မရမာကြီး စသည့် ဌာနေတိုင်းရင်းသားများအား ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များ၊ လူနည်းစု ဟိန္ဒူဘာသာဝင်များအား ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် များ စသည်တို့ကို စနစ်တကျ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ယာယီနေရာချထားရေး၊ ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကို ထည့်သွင်းစီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဝင်များက အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကို ဖြည့်စွက်တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်များကို အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်ရန် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
ယနေ့ ကျင်းပသော အစည်းအဝေး တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည် နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနေတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများ ကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်း ထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှ အကြံဉာဏ်များ ရယူနိုင်ရေးဆောင်ရွက် သွားရန်၊ ပြန်လည်လက်ခံမည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကို အခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြန်လည်စိစစ်လက်ခံ ရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင် ရွက်ရန်၊ ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာချထားရာတွင် မူလက ထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုး ရေးကိုပါ ခြုံငုံပါဝင်စေမည့် အစီအစဉ် အားUN-Habitat ထံမှ အကြံဉာဏ် များ ရယူဆောင်ရွက်ရန်၊ မောင်တော ဒေသအတွင်း လမ်းကွန်ရက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ရေမြောင်း စနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ ဆောင်ရွက်ရန်၊ ARSA အကြမ်းဖက် သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေ သော ဟိန္ဒူဘာသာဝင် ၉၃ ဦး၏ အခြေ အနေကို အမြန်ဆုံးသိရှိနိုင်ရန်အတွက် ရှာဖွေမှု တိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ် နေသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ခြောက်ဦးနှင့် ကလေးငယ်သုံးဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့် ထပ်မံ တောင်းခံသွားရန်၊ အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းရန်၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်တို့ကို ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် နယ်ခြားဒေသလုံခြုံရေး ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင် ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြား ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲ ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွှေ့ဆိုင်းထားခဲ့ရသော ကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံ ဖိတ်ကြားရန်နှင့် လာမည့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက်ဆောင်ရွက်ရန် စသည်တို့ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment