Wednesday, September 20, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းအားရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြည်သူများ တစ်ခဲနက် လာရောက်နားထောင်

Image may contain: one or more people, crowd and outdoor
ရန်ကုန် စက်တင်ဘာ ၁၉
နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ယနေ့နံနက် ၁ဝ နာရီက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြော ကြားနေမှုကို ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် LED Board ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသရာ ကြိုဆို ထောက်ခံသည့်ပြည်သူများ တစ်ခဲနက် လာရောက်ကြည့်ရှု နားထောင်ကြ သည်။
''ဒီမိန့်ခွန်းကနေ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးမှုတွေကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ဒီမိန့်ခွန်းဟာ ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအကျိုးရှိနိုင် တာကြောင့် ကြိုဆိုထောက်ခံတဲ့အနေ နဲ့ အခုလို လာရောက်နားထောင်ဖြစ် တာပါ'' ဟု စမ်းချောင်းမြို့နယ်မှ ဦးမိုးမင်းက ပြောသည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်LED Board ဖြင့် တိုက်ရိုက်ပြသသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းပြော ကြားမှုကို နားထောင်ရန် ရောက်ရှိလာ ကြသည့် ပြည်သူများကို စေတနာရှင် များက ရေသန့်နှင့် မုန့်များလှူဒါန်းကြ သည်။
ထို့အတူ လာရောက်နားထောင်ကြသည့် ပြည်သူများအနေဖြင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှုကို ကြိုဆို ထောက်ခံသော စာသားများရေးသားထားသည့် ဗီနိုင်းများကိုကိုင်ဆောင်၍ ကြည့်ရှုနားထောင်ကြသည်။
''အမေစုရဲ့ မိန့်ခွန်းကိုလာရောက်နားထောင်တဲ့သူတွေအတွက် အလှူရှင် တွေစုပေါင်းပြီး ရေသန့်ဘူးနဲ့ မုန့်တွေလှူတယ်။ နိုင်ငံ့ခေါင်းဆောင်မိန့်ခွန်း ပြောနေချိန်မှာ ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ နားထောင်လို့ရအောင် ရည်ရွယ်ပြီး လှူတာပါ။ အခုလိုလုပ်ခြင်းအားဖြင့် အမေစုနဲ့အတူ ပြည်သူတွေရှိ နေတယ်ဆိုတာကို ပြသရာလည်းရောက်ပါတယ်''ဟု မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်မှ ဦးမြင့်ခိုင်က ပြောသည်။
မိန့်ခွန်းပြောကြားမှုနှင့်ပတ်သက်၍ လသာမြို့နယ်မှ ကိုအောင်ဝင်းက ''ပြည်သူတစ်ယောက်အနေနဲ့ လူထုခေါင်းဆောင်ပြောကြားတဲ့ မိန့်ခွန်းတွေကို တန်ဖိုးထား၊ လေးစားတယ်။ အဲဒီလိုပဲ ကမ္ဘာ့နိုင်ငံအသီးသီးက ပုဂ္ဂိုလ်တွေက လည်း တန်ဖိုးထား၊ လေးစားလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီကနေ့ပြောကြားတဲ့ မိန့်ခွန်းက ကျွန်တော်တို့နိုင်ငံအတွက် အများကြီးအရေးပါမယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးအတွက်လည်း အထောက်အကူပြုလိမ့်မယ်''ဟု သူ၏အမြင်ကို ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြား သည့် မိန့်ခွန်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အရေးကိစ္စ နှင့်ပတ်သက်၍ ပြည်ပနိုင်ငံတချို့မှ ဖိအားပေးနေမှုများကို လျော့ကျစေနိုင်မည့် အပြင် ပြည်တွင်း၌လည်း ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း လာရောက်ကြည့်ရှုနားထောင်ကြသည့် ပြည်သူများကဆိုသည်။
သတင်း-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment