Sunday, September 3, 2017

အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၁ အသင်း အပြီးသတ်ရွေးချယ်

Image may contain: 2 people, people smiling, people playing sports and outdoor
ရန်ကုန် စက်တင်ဘာ ၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၁၈ အသင်းသည် အပြီးသတ်ကစား သမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့၌ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ ဦးမိုးဝေအောင်၊ နည်းပြချုပ် ဘန်လာဘီ၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဂိုးနည်းပြ ဦးမြကိုမင်း၊ ဂိုးသမားများအဖြစ် ထက်ဝေယံစိုး၊ ထွန်းနန္ဒာဦး၊ အောင်မြင့်မြတ်၊ နောက်တန်းတွင် အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးဝေ၊ နိုင်ကိုကို၊ ပြည့်ဖြိုးမောင်၊ စည်သူမိုးခန့်၊ စိုးမိုးကျော်၊ သန်းထိုက်ဇင်၊ သက်ပိုင်ထွေး၊ အလယ်တန်းတွင်
အံ့မော်ဦး၊ လွင်မိုးအောင်၊ မင်းထူးအိမ်လင်း၊ မြတ်ကောင်းခန့်၊ သက်ပိုင်ထူး၊ ဝေလင်းအောင်၊ ရှေ့တန်းတွင် ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ပြည့်စုံနိုင်၊ ဝေယံဦး၊ ဝင်းနိုင်ထွန်း၊ ဇော်မင်းထွဋ်တို့ ပါဝင်ကြသည်။
ယင်းပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(က) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တီမော၊ လာအို၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့ ပါဝင်လျက်ရှိသည်။ အုပ်စုပွဲစဉ်များကို တစ်နေ့ လျှင် နှစ်ပွဲ(သို့မဟုတ်)သုံးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း ၌ ပုံမှန်ကျင်းပမည်ဖြစ်ကာ အုပ်စု(က)တွင် ခြောက်သင်းပါဝင်နေ သောကြောင့် တစ်နေ့လျှင် သုံးပွဲကစားရမည်ဖြစ်ရာ ညနေ ၃ နာရီတွင် ကစားမည့်တစ်ပွဲကို အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ် သည်။ အုပ်စုပွဲစဉ်များကို ညနေ ၃ နာရီနှင့် ညနေ ၆ နာရီတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲအားလုံးကို ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှား၊ စက်တင်ဘာ ၉ ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်၊ စက်တင်ဘာ ၁၃ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဆီမီး ဖိုင်နယ်တက်ရောက်ရန် ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးပွဲနှင့် နောက်ဆုံးပွဲမှာ အဆုံးအဖြတ် ဖြစ်နေသည်။
မြန်မာ ယူ-၁၈ အသင်းကို ပြင်သစ်လူမျိုး ဘန်လာဘီက ကိုင်တွယ်လျက်ရှိပြိး အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်ထားသည်။ မြန်မာ ယူ-၁၈ အသင်းသည် ရွေးချယ်ထားသည့် ပဏာမလက်ရွေး စင်ကစားသမားများ အတွေ့အကြုံရစေရန် ဖီးနစ်အသင်းအမည်ဖြင့် ပထမတန်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သြဂုတ်လဆန်းပိုင်းမှ စ၍ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် သြဂုတ် ၁၁၊ ၁၃ ရက်တွင် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ပထမပွဲတွင် လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲတွင် နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ထိုင်းနှင့် ခြေစမ်းပွဲ မတိုင်မီ ရှမ်းယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ထိုင်း ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment