Monday, September 4, 2017

လူသားနှင့်ဘာသာတရား




မြန်မာ့အလင်းအယ်ဒီတာအာဘော်




လူ့သမိုင်းအစတွင် လူသားတို့၏ကိုးကွယ်မှုမှာ  သဘာဝတရား၏ အံ့မခန်း ဖွယ် စွမ်းအားများကို ကြောက်ရွံ့ထိတ်လန့်ခြင်းမှ စခဲ့ကြသည်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူသားတို့ ကိုးကွယ်ယုံကြည်နေကြသည့် ဘာသာ တရားများ တစ်နည်းအားဖြင့် ကမ္ဘာ့ဘာသာကြီးများမှာမူ လူ့ယဉ်ကျေးမှု အဆင့်မြင့်မားလာသည့် ကာလများတွင် ပွင့်ထွန်းပေါ်ပေါက်လာကြခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ  ဘာသာအသီးသီးကို  ကိုးကွယ်ယုံကြည်ကြသူများက မိမိတို့ဘာသာနှင့် အခြားသာဘာတို့ တူညီမှုမရှိ၊ ကွဲပြားခြားနားသည်ဟု ခံယူထားကြသူများရှိသလို ဘာသာတရားအသီးသီးတို့သည် ဓလေ့ထုံးတမ်း အစဉ်အလာကဲ့သို့သော အပြင်အကာပိုင်းတွင် ကွဲပြားခြားနားကြသော်လည်း ဘာသာတရား၏အဆုံးအမ  အနှစ်သာရများမှာမူ  တူညီကြသည်ဟူ၍ ခံယူထားကြသူများလည်း ရှိကြသည်။ တစ်ခါတစ်ရံတွင်  မိမိဘာသာမှ မိမိဘာသာဟူသော တစ်ဖက်စွန်းတွင်ရပ်မိပြီး အခြားဘာသာတရားနှင့် ယုံကြည်ကိုးကွယ်သူများကို အလေးမထားခြင်း၊ ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်း၊ ပျက်စီးစေခြင်းတို့အထိ ဖြစ်ပေါ်စေပါက ဘာသာရေးအစွန်းရောက်ဝါဒီအဖြစ် ရောက်ရှိသွားမည်ဖြစ်သည်။
စင်စစ်အားဖြင့်  ဘာသာရေးအဆုံးအမ  ဟူသမျှတို့က  ပစ္စုပ္ပန်နှင့် တမလွန်ဘဝတို့အတွက် ကောင်းမွန်မြင့်မြတ်သော ပန်းတိုင်သို့ရောက်ရှိ စေရန် ဟောဖော်ညွှန်းပြထားကြခြင်း ဖြစ်သည်။ ပစ္စုပ္ပန်တွင် လူသားတစ်ဦး အနေဖြင့် မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ မိမိ၏အသိုင်းအဝိုင်း  လူမှုပတ်ဝန်း ကျင်အတွက်ဖြစ်စေ ပိုမိုကောင်းမွန်လာအောင် ဖြည့်ဆည်းရေး၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဦးနှင့်အများ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့  ငြိမ်းချမ်းစွာ၊ ညီညွတ်စွာ အတူနေထိုင်ကြရေး၊ လူမှုတာဝန်များ ကျေပွန်ကြစေရေး၊ မိမိနှင့်တကွ၊ မိမိ၏အသိုက်အဝန်း၊ မိမိပတ်ဝန်းကျင်နှင့် လောကကြီးတစ်ခုလုံး  ထိခိုက် ပျက်စီးစေမည့် ပဋိပက္ခများ၊  အကြမ်းဖက်မှုများ  ဖြစ်ပေါ်မလာအောင် ရှောင်ကြဉ်ပြီး မွန်မြတ်သည့်စိတ်ဓာတ်၊ ယဉ်ကျေးသည့် အပြုအမူများဖြင့် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်ဘဝပေါ်ထွန်းလာအောင် တည်ဆောက် ရေးတို့ကို ကမ္ဘာ့လူသားအသီးသီးတို့က ယုံကြည်ကိုးကွယ်ကြသည့် က္ဘာ့ ဘာသာကြီးအသီးသီးတို့တွင် ပြဋ္ဌာန်းထားကြရာ ၄င်းတို့မှာ ဘာသာတရားတို့ ၏ အခြေခံကျင့်ဝတ် ဥပဒေများဟု ဆိုရမည်ဖြစ်သည်။
မည်သည့်ဘာသာကို ကိုးကွယ်သည့် မည်သည့်လူမျိုးဖြစ်စေကာမူ ထိုသူသည် မကောင်းသည့် ယုတ်ညံ့သည့် စိတ်စေတသိက်တို့ ဖုံးလွှမ်းနေပါက လူဆိုးလူယုတ်သာဖြစ်၍ ကောင်းမွန်သည့် ဖြူစင်မွန်မြတ်သည့် စိတ် စေတသိက်တို့ ဖုံးလွှမ်းနေသူဖြစ်ပါက လူကောင်းလူမွန်ဟု ဆိုရမည်ဖြစ်သည်။ ဘာသာတစ်ခုတွင်   ဆိုးနေယုတ်နေသူသည်  အခြားဘာသာတစ်ခုတွင် လူကောင်းဖြစ်နေလိမ့်မည်  မဟုတ်။ ပေးကမ်းလှူဒါန်းခြင်း၊ အကျင့်သီလ ဆောက်တည် ခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ဆင်ခြင်တုံတရားပြည့်ဝခြင်း၊ ပုဂ္ဂိုလ်သတ္တဝါဟူသမျှတို့၏ အကျိုးစီးပွားကိုလိုလားခြင်း၊ ကြင်နာသနား ခြင်း၊ သည်းခံခြင်း၊ မှန်ကန်ခြင်းစသည့် ဘာသာတရားအားလုံးတို့၏ တူညီ သော  အနှစ်သာရများကို    ဘာသာဝင်ဟူသမျှ   လူသားအားလုံးတို့က  လက်တွေ့ကျကျ  ကျင့်သုံးလာနိုင်သည်နှင့်အမျှ ကမ္ဘာကြီး၏နိုင်ငံများစွာ၊ ဒေသများစွာ၊ နေရာများစွာတို့တွင် ဖြစ်ပေါ်နေကြသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ ရန်လိုမုန်းတီးမှုများ တဖြည်းဖြည်းလျော့ပါးချုပ်ငြိမ်း ကာ  လူသားကမ္ဘာကြီးတစ်ခုလုံး  အေးချမ်းသာယာလိမ့်မည်ဟု  ဘာသာ တရားတို့၏  ခေါင်းဆောင်ဆရာအဆူဆူတို့က  အညီအညွတ်  ညွှန်းဆို ဟောကြားခဲ့ကြပါကြောင်း။      ။

No comments:

Post a Comment