Sunday, September 3, 2017

မြန်မာ့စီးပွားရေး အလားအလာကောင်းများ




မြန်မာ့အလင်းအယ်ဒီတာအာဘော်






နေပြည်တော်တွင် သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သော မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာဖိုရမ်တွင်     စီးပွားရေးအသွင် ကူးပြောင်းမှုနှင့်ပတ်သက်သော ဆွေးနွေးဝိုင်းတစ်ခုလည်း ပါဝင်ခဲ့ပါသည်။ ထိုစကားဝိုင်းသုံးသပ်ချက်ကို ယေဘုယျဖော်ပြရလျှင် စီးပွားရေးနှေးကွေးမှု တစ်စုံတစ်ရာရှိသော်လည်း ရှေ့တွင်ကောင်းမွန်သည့် အလားအလာများစွာ ရှိသည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးကို ယခင်အစိုးရလက်ထက် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ဖော်ပြ၍  သုံးသပ်မှုများလည်းရှိခဲ့သည်။  ၂ဝ၁၅-၂ဝ၁၆  ခုနှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)သည် ၉ ဒသမ ၄ ဘီလီယံဒေါ်လာ ရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် FDI ၆ ဒသမ ၆ ဘီလီယံအထိ ကျဆင်းခဲ့ သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အစိုးရသစ်၏ ပထမတစ်နှစ်တာသည် အစိုးရပြောင်း၊  မူဝါဒပြောင်းနှင့်  တာဝန်ခံမှုပြောင်းလဲသောနှစ်ဖြစ်၍ စောင့်ကြည့်လေ့လာရသော နှစ်ပင်ဖြစ်ပါသည်။
သို့သော် ပထမနှစ်ချင်းယှဉ်လျှင်ပင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် င်္FDI၄ ဒသမ ၆ ဘီလီယံဒေါ်လာသာ  ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရ၏ ပထမနှစ်ဖြစ်သော ၂ဝ၁၆-၂ဝ၁၇ တွင် ၆ ဒသမ ၆ ဘီလီယံ ဒေါ်လာ ဝင်ရောက်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ယခုနောက်ဆုံးသိရှိရသော ကိန်းဂဏန်းများအရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇-၂ဝ၁၈  (၈) လပိုင်းအထိ တစ်နှစ်ခွဲကာလအတွင်းFDIဝင်ရောက်မှုမှာ ၁၅ ဒသမ ၂ဝ၇ ဘီလီယံ ရှိသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကိုကြည့်လျှင် တရုတ်နိုင်ငံသည် ၁၉ ဘီလီယံကျော်ဖြင့် အများဆုံးနေရာတွင် ရှိနေသော်လည်း ထိုအထဲမှ အများစုသည် အစောပိုင်းကာလမြှုပ်နှံမှုများဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု လျော့နည်းသွားခဲ့သည်။ ထို့ပြင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုမှာ စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ခဲ့ရာ အလုပ်အကိုင် ဖန်တီးမှု  အများအပြားမရရှိခဲ့ပေ။  ယခုနောက်ပိုင်းတွင် တစ်ဟုန်ထိုး တိုးတက်လာသည်မှာ စင်ကာပူရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပထမလေးလအထိ ရင်းနှီးမြှုပ်နှံမှုအပါအဝင် စုစုပေါင်း ဒေါ်လာ ၁၆ ဘီလီယံအထိရှိလာသည်ကို တွေ့ရသည်။ ထို့အတူ ဗီယက်နမ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁ဝ မတိုင်မီအထိ ဒေါ်လာ ၂၃ သန်းသာ ရှိရာမှ ယခု ဒေါ်လာ နှစ်ဘီလီယံကျော်ဖြင့် တတိယနေရာတွင် ရှိနေပါသည်။
ထို့အပြင်   ယခုရင်းနှီးမြှုပ်နှံမှုများမှာ   စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုများပြားစွာဝင်ရောက်လာခြင်းဖြစ်သည်။ သီလဝါစက်မှုဇုန်၏ အောင်မြင်မှုက မြန်မာ့ စီးပွားရေးအတွက် အထောက်အကူများစွာ ရရှိစေခဲ့သည်ကို တွေ့ရပါသည်။ ယခင်က ပြည်တွင်းစီးပွားရေးကိုကြည့်လျှင် တိုင်းပြည်၏သယံဇာတအရင်း အမြစ်များကို ထုတ်ယူရောင်းချရေးကဏ္ဍကိုသာ အများဆုံးလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းနှင့် လူအချို့၏ လက်ဝယ်သာရှိခြင်းတို့ကြောင့် အခွန်တိမ်းရှောင်မှုများပြားခဲ့ပြီး လူထုတစ်ရပ်လုံးသို့ ဝင်ငွေဖြန့်ခွဲရောက်ရှိမှု နည်းပါးခဲ့သည်။ ထိုသို့ သော စီးပွားရေးများ အရှိန်သတ်သွားခြင်းသည် 'ပြောင်းလဲချိန်တန်ပြီ'ဆိုသည့်အတိုင်း  စနစ်ပြောင်း၊  မူဝါဒပြောင်းလဲမှုများတွင်  မဖြစ်မနေ တွေ့ကြုံ ရတတ်သော ဆေးခါးကြီးတစ်ခွက်ပင်ဖြစ်သည်။
သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တန်နဲလ်က ပြောကြားရာတွင် ယခင်အစိုးရ၏  နောက်ဆုံးသုံးနှစ်သက်တမ်းတွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်မြင့်တက်ခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် လိုငွေ ၁၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ဝ၁၅-၂ဝ၁၆ တွင် ဘတ်ဂျက်လိုငွေ ၃၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ငွေကြေးဖောင်းပွမှုမှာလည်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင်  ၅ ဒသမ ၉ ရာခိုင်နှုန်းသာရှိရာမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။ ထိုအခြေအနေကိုNLD အစိုးရဆက်ခံခဲ့ရခြင်းဖြစ်ရာ မထိန်းနိုင်ဘဲ ဆက်လက်ကြီးထွားလာမည်ဆိုလျှင် အစိုးရတစ်ရပ်လုံး ဒေဝါလီခံရမည့် အရေးနှင့်ပင် ကြုံတွေ့နိုင်သည်ဟု ပြောခဲ့ပါသည်။
ယခု ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၇ နှစ်ဆန်းတွင် ၆ ဒသမ ၉၇ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ပြီး နောက်ဆုံးဇူလိုင်လကုန် စာရင်းများ အရ ၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိတော့သည်ကို တွေ့ရသည်။ လတ်တလော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တစ်ခုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်း မှာ ၃၁ ရာခိုင်နှုန်းကျော်ရှိရာမှ  ယခု ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ဆိုပါသည်။ ထို့ကြောင့် အစိုးရအသုံးစရိတ်များ အကြီးအကျယ်လျှော့ချ ခဲ့ခြင်း၊ သယံဇာတစီးပွားရေးမှ ပုံမှန်စီးပွားရေးသို့ တဖြည်းဖြည်းကူးပြောင်း ခြင်း၊ စီးပွားရေးကို မှန်ကန်သော ပေါ်လစီများအတိုင်း တဖြည်းဖြည်းချင်း ပြောင်းလဲလာစေခြင်းတို့ကြောင့် အနာဂတ်အတွက် ကောင်းမွန်သော အလားအလာများ တွေ့မြင်ရပြီဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုသည်လည်း ၂ဝ၁၆-၂ဝ၁၇ ခုနှစ်က ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာမှ လတ်တလောIMF ၏ ခန့်မှန်းမှုအရ ဆိုလျှင် ၂ဝ၁၇-၂ဝ၁၈ အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည် ဟု သိရပါကြောင်း တင်ပြရပါသည်။     ။

No comments:

Post a Comment