Sunday, September 3, 2017

သီပေါမြို့နယ် တွန်ကာကျေးရွာမှ ဖျားနာကလေးငယ်ရှစ်ဦး မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူ

Image may contain: 1 person, standing
သီပေါ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် တွန်ကာကျေးရွာနေ အသက်(၁ဝ)လ မှ (၁၁)နှစ်အရွယ်အတွင်းရှိ ကလေးငယ်ရှစ်ဦး ဖျားနာနေသည့်အတွက် သြဂုတ် ၃၁ ရက် ညနေပိုင်းနှင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ဘော်ကြို ပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါ ဖျားနာကလေးရှစ်ဦးကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးလှထွန်း နှင့်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးစမ်းသပ်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့သည်။
''ဆေးရုံကိုရောက်လာတဲ့ ကလေးရှစ်ဦးစလုံး ကျန်းမာရေးစစ်ဆေးတဲ့ အခါမှာ ရိုးရိုးရာသီတုပ်ကွေးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုစိတ်ချရအောင် စစ်ဆေးစမ်းသပ်ချက်နမူနာတွေကိုလည်း သက်ဆိုင်ရာထံ ပေးပို့ထားပါတယ်။ကလေးတွေကိုလည်း သီးခြားအဆောင်တစ်ခုမှာထားရှိပြီး စောင့်ကြည့်ကုသပေး တယ်။ ခုတော်တော်လေးသက်သာနေပါပြီ။ စိုးရိမ်စရာမရှိတော့ပါဘူး''ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှထွန်းက ပြောကြားခဲ့သည်။
တွန်ကာကျေးရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရေး အသိပညာ ပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သီပေါကိုလတ်)

No comments:

Post a Comment