Thursday, September 21, 2017

မက္ကဆီကို မြေငလျင်ကြောင့် လူ ၁၄၉ ဦး သေဆုံး

Image may contain: one or more people, crowd and outdoor

မက္ကဆီကိုစီးတီး စက်တင်ဘာ ၂ဝ
မက္ကဆီကိုအလယ်ပိုင်းတွင် အင်္ဂါနေ့က အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ လူ၁၄၉ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ ပြင်းအား ၇ ဒသမ ၁ အဆင့် ရှိသည့်မြေငလျင်သည် အင်္ဂါနေ့တွင် မက္ကဆီကိုစီးတီးမြို့အနီးရှိ ပူဘလာပြည်နယ်အတွင်း လှုပ်ခတ်သွားခဲ့ပြီး မြေငလျင်အနက်အားဖြင့်ခန့်မှန်းခြေ ၅၁ ကီလိုမီတာရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုအပြီးတွင် ပြိုလဲကျသွားသော အဆောက်အအုံအပျက်အစီး များအောက်၌ ပိမိနေကြသူများကို တပ်မတော်မှ တာဝန်ရှိသူများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေလျက်ရှိသည်။ မြေငလျင်လှုပ်ခတ်မှုများဖြစ်ပွားမှု အပြီးတွင် မက္ကဆီကိုစီးတီး၌ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီးမြို့တွင်းနှင့် တောင်ပိုင်းရှိမိုရီလော့စ်ပြည်နယ်အတွင်း၌ အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားခဲ့သည်။ မက္ကဆီကိုစီးတီးရှိ နေရာပေါင်း ၄၄ ခုတို့မှ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။ လူ ၅ဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ငါးထပ်အဆောက်အအုံတစ်ခု၏ အမိုးပေါ်ရှိအပေါက်မှတစ်ဆင့် လူများကို ကယ်ဆယ်ရန် ကြိုးစားနေသည့်ကယ်ဆယ်ရေးအဖွဲ့ဝင်များကို တွေ့မြင်ရသည်။မြေငလျင်လှုပ်ခတ်မှုကြောင့် အချို့ဧရိယာများတွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၈သန်း တို့မှာ လျှပ်စစ်ဓာတ်အားနှင့် ဂက်စ်ဝန်ဆောင်မှုမရရှိကြောင်း သိရသည်။
မက္ကဆီကို၌ ပြီးခဲ့သည့် ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၁ဝဝဝဝ ခန့်သေဆုံးခဲ့ကာ မက္ကဆီကိုစီးတီးတွင် အသေအပျောက်အများဆုံးဖြစ်ပွားခဲ့သည်။ ယခုလအစောပိုင်းကလည်း မက္ကဆီကို တောင်ပိုင်းတွင် ပြင်းအား ၈ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွား ခဲ့ပြီး လူ ၉ဝ သေဆုံးခဲ့သည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment