Friday, September 1, 2017

ဘဏ္ဍာနှစ် ကျော်လွန်သုံးစွဲခွင့်တောင်းခံခဲ့သည့် ငွေကျပ် ၂၅၉၃ သန်းကျော်ကို ရခိုင်ပြည်နယ် မြို့ရေပေးရေးလုပ်ငန်းအတွက် အမှန်သုံးစွဲခဲ့ပြီးဖြစ်ဟုဆို

Image may contain: 3 people
နေပြည်တော် သြဂုတ် ၃၁
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာ(၁ဝ/၂ဝ၁၇) အပါအဝင်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ထိုသို့အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြကြသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စွမ်းအင်ကဏ္ဍ၏ စီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေတွင် ၂ဝ၁ဝ-၂ဝ၁၁ ဈေးနှုန်းနှစ်ခုအပေါ် အခြေခံဖော်ပြချက်အရ တိုးတက်မှု၌ အနုတ်လက္ခဏာဖြစ်ပေါ်ရခြင်းမှာ လက်ရှိ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း၊ အထူးသဖြင့် ရတနာစီမံကိန်းနှင့် ရဲတံခွန်စီမံကိန်း နှစ်ခုမှ(၂၅)နှစ် ကျော်ထုတ်ယူခဲ့ပြီးဖြစ်၍ ထုတ်လုပ်မှုသက်တမ်းကြာမြင့်လာသည့်အတွက် အထွက်နှုန်းများ ကျဆင်း လာခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း။
ရေနံ၊ သဘာဝဓာတ်ငွေဈေးနှုန်းများကို နှိုင်းယှဉ်ပါက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကမ်းလွန်ရေနံနှင်သဘာဝဓာတ်ငွေ့ရောင်းချသည့် ဈေးနှုန်းသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရောင်းချခဲ့သောဈေးနှုန်းထက် ကျဆင်း သွားပါသဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေလျော့နည်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့ပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/၂ဝ၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းတင်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးပြီးသော်လည်း အချို့သော အဖွဲ့အစည်းများထံမှ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်မရရှိသည့်အတွက် လျာထားချက်အတိုင်း ဆောင်ရွက်နိုင်မှုမရှိဘဲ အားနည်းချက်များ ရှိခဲ့ရပါကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ပြည်ပချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သည့် အီတလီနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ချေးငွေများသည် ဘဏ္ဍာရေးနှစ်အတွင်း လျာထားသည့်အတိုင်း မရရှိသည့်အတွက် ပိုလျှံငွေအဖြစ် အပ်နှံရပြီး အသုံးစရိတ်သုံးစွဲမှုလျော့နည်းခဲ့ရခြင်း ဖြစ်ပါကြောင်း။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း၏ သာမန်ရငွေလျော့နည်းမှုတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများက ချေးငွေပြန်လည်ပေးဆပ်မှု လျော့နည်းသဖြင့် အတိုးငွေ လျော့နည်းရရှိခဲ့ပါကြောင်း၊ ဘဏ္ဍာရေးနှစ် ကျော်လွန်၍ သုံးစွဲခွင့်တောင်းခံခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများနှင့် နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်ရသည့် မြို့ရေပေးရေးလုပ်ငန်း ငွေကျပ် ၂၅၉၃ ဒသမ ၃၉၉ သန်းကို သတ်မှတ် ကာလအတွင်း အမှန်သုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါအစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယခုအစည်းအဝေးကာလအတွင်း ဥပဒေသစ် ၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၁၁ ခု၊ ရုပ်သိမ်းသည့် ဥပဒေတစ်ခု စုစုပေါင်း ဥပဒေ အခု ၂ဝ ထုတ်ပြန်ကြေညာ နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူရန် လိုအပ် သည့် ပြည်ပချေးငွေဆိုင်ရာကိစ္စရပ်တစ်ခု၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ် ၈ ခု၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာလုပ်ငန်းများဖြစ်သည့် ၂ဝ၁၇ ခုနှစ်၊ ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးကိစ္စအပါအဝင် ကြွေးမြီဆိုင်ရာအစီရင်ခံစာနှစ်ခု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဆိုင်ရာ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှစ်ခု၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒုတိယ (၆) လပတ်အခွန်ကောက်ခံရရှိမှုအပါအဝင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာကိစ္စရပ် တင်ပြချက်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးခြင်းနှင့် အတည်ပြုမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များတွင် သီးခြားပါဝင်စေလိုသည့် ပုဂ္ဂိုလ်များအား ထည့်သွင်းဖွဲ့စည်းခြင်း၊ ထည့်သွင်း ဖွဲ့စည်းခွင့်တောင်းခံခြင်း၊ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရန် တင်ပြခြင်း စသည့်ကိစ္စရပ်များကို တွေ့ရှိရပါကြောင်း၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ကြရန်နှင့် မြို့နယ်အလိုက် လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မြို့နယ်အချို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်မှု၊ လုပ်ငန်းအကောင် အထည်ဖော်မှုများနှင့်စပ်လျဉ်းပြီး တိုင်ကြားတင်ပြမှုများ ရှိနေပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များ အနေဖြင့် မြို့နယ်အလိုက် အမှန်တကယ် တာဝန်ယူဆောင်ရွက်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်တာဝန်ပေးအပ်ပြီး မိမိမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပြီး ညှိညှိနှိုင်းနှိုင်းဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း။
လွှတ်တော်အကြီးအမှူးများပါဝင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီ အနေဖြင့်လည်း မြို့နယ်ပေါင်းသုံးရာကျော်၏ လုပ်ငန်းတင်ပြချက်များအတိုင်း အတတ်နိုင်ဆုံး စိစစ်ခွင့် ပြုပေးလျက်ရှိပါကြောင်း၊ မြို့နယ်တစ်ခုချင်းအလိုက် အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်အဖွဲ့အတွင်း၌သာ အသင့်တော်ဆုံး နည်းလမ်းကို ညှိနှိုင်းရှာဖွေပြီး ပူးပေါင်းဆောင်ရွက်ခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း။
မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ် ကာလအတွင်း စနစ်တကျဖြင့် အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက် ရန်နှင့် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက်များ၊ ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာပါ အကြံပြု ချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရန် အလေးထားမှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
မျိုးမြင့်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment