Sunday, September 3, 2017

ဆရီနာဝီလျံ သမီးလေးမွေးဖွား

Image may contain: 1 person
ကမ္ဘာကျော်တင်းနစ်ချန်ပီယံ ဆရီနာဝီလျံဟာ သူ့ရဲ့ပထမဆုံးသောရင်သွေးလေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်မှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကာ သမီးလေးဖြစ်တယ်လို့ ဟောလိဝုဒ်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ ဆရီနာဝီလျံဟာ လတ်တလောမှာတော့ မိခင်တစ်ဦးဘဝကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ လတ်တလောမှာ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရီနာဝီလျံနဲ့ သူနဲ့ စေ့စပ်ထားသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ (၃၄)နှစ်အရွယ် အဲလစ်ဇ်အိုဟီးနီးရန်းတို့ဟာ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်မှာ ရရှိခဲ့တာဖြစ်ပြီး မွေးဖွားချိန်မှာတော့ ၆ ပေါင် ၁၃ အောင်စရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရင်သွေးလေးကို လွယ်ထားချိန်မှာ ဆရီနာဝီလျံက သူ့အနေနဲ့ ကလေးတစ်ဦးကို မွေးဖွားရတာ လွယ်ကူတဲ့ကိစ္စ တစ်ခုမဟုတ်ကြောင်း သိနားလည်ထားပေမယ့် ရင်သွေးလေးမွေးဖွားလာမယ့်အချိန်ကို မစောင့်ဆိုင်းနိုင်လောက်အောင် တွေ့ချင်နေပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ သူ့ရဲ့ဆန္ဒတွေ ပြည့်ဝလာခဲ့ပြီလို့ဆိုရမှာပဲ ဖြစ်ပါတယ်။
ဆရီနာရဲ့ ရင်သွေးလေးဖွားမြင်ပြီးနောက် စက်တင်ဘာ ၁ ရက်မှာပဲ နာမည်ကျော် ဂီတကြယ်ပွင့်တစ်ဦးဖြစ်တဲ့ တေးသံရှင် ဘီယွန်းစေးက သမီးလေးမွေးဖွားခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆရီနာဝီလျံရဲ့ လူမှုကွန်ရက် မီဒီယာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီနောက် အခြားသောကြယ်ပွင့်တွေနဲ့ ဆရီနာရဲ့ ပရိသတ်တွေကလည်း ဝမ်းမြောက်ကြောင်းစာသားတွေကို လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ဖော်ပြလာတာတွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment