Wednesday, August 2, 2017

YBS အထူးယာဉ်မောင်းသင်တန်း အပတ်စဉ် (၂) သြဂုတ်လပထမပတ်တွင် ဆက်လက်ဖွင့်လှစ်မည်



Image may contain: one or more people and crowd
ရန်ကုန် သြဂုတ် ၁
YBS အထူးယာဉ်မောင်းသင်တန်း အပတ်စဉ်(၁) သင်တန်းဖွင့်လှစ် သင်တန်း ဆင်းပြီးဖြစ်သည့်အတွက် အပတ်စဉ်(၂)သင်တန်းကို သြဂုတ်လပထမပတ်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တို့ပူးပေါင်း၍ YBS ယာဉ်လိုင်းများတွင် မောင်းနှင်ရန် အထူးယာဉ် မောင်းသင်တန်း အပတ်စဉ်(၁)ကို ဇူလိုင်လအတွင်း YRTA ရုံးချုပ်၌ ပြုလုပ်ခဲ့ပြီး စာတွေ့လက်တွေ့အပါအဝင် ရက်သတ္တသုံးပတ်ကြာ သင်ကြားပြီးနောက် သင်တန်းဆင်းအောင်မြင်သူများကို နိုင်ငံတကာယာဉ်မောင်းသင်တန်းဆင်း အသိအမှတ်ပြုအတိုင်း သင်တန်းဆင်းအောင်လက်မှတ် ထုတ်ပေးကြောင်း သိရသည်။
''အပတ်စဉ် (၁) သင်တန်းက သင်တန်းဆင်းသွားပါပြီ။ စုစုပေါင်း ၁ဝ၄ ယောက်မှာ ရှစ်ယောက်ကတော့ စာတွေ့အောင်မြင်ပေမယ့် လက်တွေ့ယာဉ် ကြီး မောင်းနှင်မှုစစ်ဆေးချက်မှာ မအောင်မြင်သေးတဲ့အတွက် ဆက်လက်ဖြေဆိုရမှာဖြစ်ပါတယ်။ အယောက် ၁ဝဝ နီးပါး သင်တန်းဆင်းနိုင်ခဲ့ပါတယ်။ အခု အပတ်စဉ်(၂)ကို သြဂုတ် ၇၊ ၈ ရက်လောက်မှာ ဆက်လက်ဖွင့်လှစ်ဖို့ ပြင်ဆင် နေပါတယ်။ အမျိုးသမီးယာဉ်မောင်းတွေလည်း စိတ်ပါဝင်စားရင် လာရောက် လျှောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ အခု အပတ်စဉ်(၂)ဖွင့်ဖို့ကို ကျန်းမာရေး စစ်ဆေးချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေ၊ ယာဉ်ကြီး မောင်းနှင်နိုင်မှု ရှိ၊ မရှိ စစ်ဆေးချက်တွေပြုလုပ်ပြီး ဆက်လက်ဖွင့်လှစ်သွားမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အဆိုပါသင်တန်းကို ယာဉ်မောင်းလိုင်စင် အနိမ့်ဆုံး(ခ)လိုင်စင် သုံးနှစ် သက်တမ်းနှင့် အထက်ရှိသော ယာဉ်မောင်းများ မည်သူမဆိုလာရောက်လျှောက် ထားနိုင်ပြီး အမျိုးသမီးယာဉ်မောင်းများလည်း လျှောက်ထားနိုင်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
သင်တန်းအပတ်စဉ်(၁)တွင် သင်တန်းသား အယောက် ၄ဝဝ ကျော် လျှောက်ထားခဲ့ရာမှ သင်တန်းသား ၁ဝ၄ ဦးခန့်ဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် အောင်မြင်သူများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် သင်တန်းဆင်းအောင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး YBS ယာဉ်လိုင်းများရှိ ပုဂ္ဂလိကကုမ္ပဏီတို့တွင် ခန့်အပ်မောင်းနှင်စေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သာမက ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပြုရေးတို့အပါအဝင် လက်ရှိဝယ်ယူထားသည့် YBS ကားသစ်များ ကောင်းမွန်စွာ ကိုင်တွယ်မောင်းနှင်နိုင်ရေးကိုလည်း သင်တန်းပေးသွားမည်ဟု သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment