Wednesday, August 2, 2017

ရောဂါကာကွယ်ရေးအလေးထားသတိမူ




မျက်မှောက်ကာလတွင် အများပြည်သူတို့သတိမူရမည်မှာ ကူးစက်မြန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်သည်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဟုဆိုသဖြင့် ယနေ့ခေတ်စားနေသော H1N1 ရောဂါသာမက အခြားရောဂါများကိုလည်း သတိပြုရမည်ဖြစ်သည်။ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ ကိုယ်ခံအားကောင်းပြီး ကျန်းမာကြံ့ခိုင်စေရန် အားထုတ်ကျင့်ကြံခြင်း၊ မသန့်ရှင်းသောနေရာ၊ လူထူထပ်သောနေရာများအား တတ်နိုင်သမျှရှောင်ရှားခြင်း၊ အကာအကွယ်များကို အသုံးပြုခြင်းစသည်တို့ကို မမေ့မလျော့သတိမူ ပြုလုပ်ရမည်ဖြစ်သည်။
လတ်တလောတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်၂၁ ရက် မှ သြဂုတ် ၁ ရက် မွန်းလွဲပိုင်းအထိ ရရှိသောအချက်အလက်များအရ ပြင်းထန်သော အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်၍ ကုသသည့် လူနာစုစုပေါင်း ၂၄၅ ဦးရှိပြီး ၄င်းတို့အနက် H1N1 သံသယရှိလူနာ စုစုပေါင်း ၇၆ ဦးရှိကာ သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။ ဆေးရုံတက်ရောက်ပြီး သေဆုံးခဲ့သည့်နှုန်းမှာ ၄ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်လာသည်။
သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဆိုပါရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထို့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်မည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများအား လိုအပ်သည့်နေရာများသို့ အချိန်မီဖြန့်ဖြူးရေး၊ ပြည်သူလူထုအတွင်း ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေး၊ ဆေးရုံသတင်းများနှင့် ရောဂါဖြစ်ပွားမှု သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်ရေးတို့ကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်ဆောင်သွားရန် လိုအပ်မည် ဖြစ်သည်။
လက်ရှိအနေအထားတွင် အဆိုပါ ကူးစက်မြန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ H1N1 နှင့် အခြားဆက်နွှယ်ရောဂါများအား ကျန်းမာရေးဌာနမှ အရေးတကြီးအားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေချိန် တွင် H5N1 ဟုခေါ်ဆိုသော ကြက်ငှက်တုပ်ကွေးရောဂါပါ ထပ်မံ တွေ့ရှိလာသည်။ ကြက်ငှက်တုပ်ကွေးရောဂါမှာ လူကိုကူးစက်မှုမရှိသော်လည်း လူအများစားသုံးသောအစားအစာဖြစ်၍ လူတို့နှင့်ပတ်သက်ပေသည်။ ထို့အပြင် ရာသီတုပ်ကွေးကာလတွင် လူတုပ်ကွေး၊ တိရစ္ဆာန် တုပ်ကွေးတို့ပေါင်းစပ်ပြီး ရောဂါပိုးအသစ် ထပ်မံမဖြစ်အောင်လည်း အထူး သတိထားရပေမည်။
ကူးစက်ရောဂါဖြစ်ပွားမှုမှာ အရှိန်တန့်မသွားဘဲ ထပ်တိုးဖြစ်ပေါ်နေခြင်း၊ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေခြင်း၊ လူသေဆုံးမှုဆက်လက် ဖြစ်ပေါ်နေခြင်းစသည်တို့ကို ကျန်းမာရေးဘက်ဆိုင်ရာဝန်ထမ်းများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်နေကြသည်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။ အထူးသဖြင့် ရောဂါအဖြစ်များသည့် လူဦးရေထူထပ်သော ရန်ကုန်မြို့တွင် နေ့စဉ်ပိုမိုအားထုတ်ဆောင်ရွက် နေရသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများကလည်း အင်တိုက်အားတိုက် အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ပေးသင့်သည်ဟု ရှုမြင်ပါသည်။
အထူးသဖြင့် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုတစ်ခုခုဖြစ်ပေါ်နေသော အချိန်တွင် မဟုတ်မမှန်ကောလာဟလသတင်းများ ထွက်ပေါ်တတ်ပြီး ယင်းတို့ကို နားမယောင်မိဖို့လိုသည်။ ပြည်သူလူထုအနေဖြင့် မည်သည့် အကြောင်းကိစ္စပေါ်သည်ဖြစ်စေ စိုးရိမ်ပူပန်မှုဖြစ်တတ်ကြသောကြောင့် ပြည်သူလူထုစိုးရိမ်ပူပန်မှု လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ ဖြစ်ပေါ်နေသောသတင်းအချက်အလက်ကို ပို၍အသိပေးခြင်း၊ လျှော့၍အသိပေးခြင်းမပြုလုပ်မိဘဲ ဖြစ်ပေါ်နေသောအခြေအနေမှန်ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် အသိပေးသတင်းထုတ်ပြန်နိုင်မှသာ ပြည်သူလူထုယုံကြည်မှုရရှိပြီး သက်ဆိုင်ရာတို့ကလည်း လုပ်သင့်လုပ်ထိုက် သည်များကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment