Wednesday, August 30, 2017

ဖျာပုံ (JICA) မြစ်ရေသန့်ပေးဝေမှု တစ်လကျပ်၁၂၅သိန်းကျော်ရရှိ

Image may contain: sky, bridge, cloud, outdoor and water
ဖျာပုံ သြဂုတ်၂၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖျာပုံမြို့သည် သောက်သုံးရေရှားပါးသောမြို့တစ်မြို့ဖြစ်သည်။ ခေတ်အဆက်ဆက်မြေသားမိုးရေသိုလှောင်ကန်များမှ ကန်ရေကို သောက်ရေအဖြစ် အသုံးပြုပြီး မြစ်ရေ၊ ချောင်းရေနှင့် မြောင်းရေများကို သုံးရေအဖြစ်အသုံးပြုနေရသည့်မြို့ဖြစ်သည်။
သောက်သုံးရေအခက်အခဲများကို တာဝန်ရှိသူများက ဖြေရှင်းရန်အလို့ငှာ ဂျပန်ကာလရှည်ချေးငွေဖြင့် ဖျာပုံ မြစ်ရေသန့် (JICA) စီမံကိန်းအားဆောင်ရွက်ခဲ့ရာ၂ဝ၁၇ခုနှစ် ဧပြီလတွင် မြစ်ရေသန့်စတင်ပေးဝေနိုင်ခဲ့ပြီး ဖျာပုံမြို့နယ်စည်ပင်သာယာအနေဖြင့် မြစ်ရေသန့်ပေးဝေမှုမှတစ်လဝင်ငွေကျပ် ၁၂၅ သိန်းကျော် ဝင်ငွေရရှိကြောင်းသိရသဖြင့် သြဂုတ်၂၈ ရက် ညနေပိုင်းက သိရှိလိုသည်များတွေဆုံမေးမြန်းနိုင်ရန် မြို့နယ်စည်ပင်အင်ဂျင်နီယာမှူးဦးမျိုးကြည်နှင့် တွေ့ဆုံခဲ့သည်။
ဦးမျိုးကြည်က သောက်သုံးရေအဖြစ် ထုတ်လုပ်ရာတွင်ပထမ ဆည်ရေ၊ ဒုတိယကန်ရေနှင့် တတိယမြစ်ရေတို့ဖြစ်ကြောင်း၊ ဖျာပုံမြစ်ရေကို ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထား၍ လူကိုအန္တရာယ်ပြုနိုင်သည့် ပိုးမွှားများကင်းစင် ထားသဖြင့် သောက်ရေအတွက်ပါ အသုံးပြုနိုင်ကြောင်း၊စက်တည်ဆောက်မှုအနေဖြင့် တစ်ရက်လျှင် ရေဂါလန်ခြောက်သိန်းထုတ်လုပ်ပေးနိုင်ကြောင်း၊ ရေတိုင် ၄၅ဝဝ သတ်မှတ်ထားသော်လည်း လက်ရှိတပ်ဆင်ထားသည့်ရေ
တိုင်၂၇ဝဝ ကျော်အတွက် တစ်နေ့ မြစ်ရေသန့်ဂါလန်နှစ်သိန်းငါးသောင်းမှ သုံးသိန်းအထိနှစ်ပိုင်းခွဲပြီး နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ တစ်ကြိမ်လျှင် သုံးနာရီပေးဝေလျက်ရှိကြောင်း၊ တစ်ယူနစ်လျှင် ရေသုံးစွဲခ ကျပ် ၄ဝဝ
သတ်မှတ်ထားပြီး ဧပြီလနှင့် မေလအတွက် ရေလခများကောက်ခံရာတွင် ကျပ်သိန်း ၂၅ဝ ကျော်ရရှိထားသဖြင့်စည်ပင်မြစ်ရေသန့်လုပ်ငန်းမှ တစ်လလျှင် ကျပ် ၁၂၅ သိန်းကျော် ဝင်ငွေရရှိနေပြီဖြစ်ကြောင်း ပြောပြသည်။
မြစ်ရေသန့်သုံးစွဲနေသူ အမှတ် (၂) ရပ်ကွက်မှ ဦးဝင်းသန်းက ရေလခသတ်မှတ်ထားမှုမှာ မများကြောင်း၊ ရေအားကောင်း၍ အမြင့် ၁၅ ပေအထိရေတက်ကြောင်း၊ရေပေးဝေချိန်မှန်၍ အဆင်ပြေလျက်ရှိကြောင်း၊ ယခု အတိုင်းပေးဝေသွားမည်ဆိုပါက မြစ်ရေသန့်လုပ်ငန်းအောင်မြင်တိုးတက်နိုင်ကြောင်း ပြောသည်။
ဖျာပုံမြို့တည်ခဲ့သည်မှာ နှစ်၂ဝဝ ကျော်ခဲ့ပြီဖြစ်သော်လည်း ခေတ်မီသန့်စင်သည့် မြစ်ရေသန့် သောက်သုံးရေ သုံးစွဲရမည်ဟု မည်သူမျှ မမျှော်မှန်းခဲ့ကြကြောင်း မြစ်ရေသန့်စီမံကိန်း ဖြစ်မြောက်အောင် စီမံဆောက်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment