Wednesday, August 30, 2017

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လိုက်နာ ကျင့်သုံး ရမည့် လုပ်ထုံးလုပ်နည်း ရှင်းလင်းဆွေးနွေး

Image may contain: one or more people and crowd
လွိုင်ကော် သြဂုတ် ၂၉
အစိုးရ၊ ပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များ အတူတကွ ပူးပေါင်းပါဝင်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စနစ်တကျ ဆောင်ရွက်သွားမည်ဆိုပါက ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်မှူး၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကယားပြည်နယ်သို့ ခရီးသွားကြစို့ ခေါင်းစဉ်ဖြင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ်ကလည်းကောင်း၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခမ်လျမ်စွမ်း က ကယားပြည်နယ်သို့ ရင်းနှီးမြှုပ်နှံရေး ခေါင်းစဉ်
ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် သိရှိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေး ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ကယားပြည်နယ် ဝန်ကြီး ချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ စက်မှုမှတ်ပုံတင်ဖြင့် လုပ်ငန်းဆောင်ရွက် နေသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားသူများ တက်ရောက်ကြကြောင်း သိရ သည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment