Tuesday, August 1, 2017

မြို့ဝင်ဂိတ်များ ၊ ကြက်ခြံနှင့်ဈေးများ၌ ကြက်ငှက်တုပ်ကွေးံH5N1ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

Image may contain: one or more people and outdoor
မကွေး ဇူလိုင် ၃၁
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မကွေးမြို့နယ်ဦးစီး ဌာနမှူး ရုံးဝန်ထမ်းအင်အားများဖြင့် မကွေးမြို့ဝင် ဂိတ် နှစ်ခုနှင့် ဈေးများ၊ မွေးမြူရေးကြက်ခြံများ၌ ကြက်ငှက်တုပ်ကွေးH5N1ရောဂါကာကွယ်ရေး လုပ်ငန်းများကို တင်းကျပ်စွာလုပ်ဆောင်လျက်ရှိ ပြီး မြို့ဝင်ဂိတ်များတွင်စစ်ဆေးနိုင်ရန် ဝန်ထမ်းများ ကို အမြဲတမ်းတာဝန်ချထားကြောင်း မြို့နယ်ဦးစီး ဌာနမှူး ဒေါက်တာအေးအေးမော်ထံမှ သိရသည်။
''လက်ရှိကတော့ မြို့ဝင်ထွက်ဂိတ်တွေကနေ မြို့ထဲကိုဝင်လာတဲ့ ကြက်ဥ၊ ကြက်နဲ့ ဝက် သယ် ဆောင်လာတဲ့ ကားတွေ မြို့ထဲကိုဝင်မယ်ဆိုရင် ရောဂါပိုးတွေကပ်ပါမလာအောင်လို့ ပိုးသတ်ဆေး ဖျန်းပါတယ်။ ပိုးသတ်ဆေးဖျန်းပြီးမှမြို့ထဲကို ဝင် ခိုင်းပါတယ်။ ဒီကားတွေကို မြို့ထဲမဝင်ရဘူးလို့ တားမြစ်ထားတာတော့မရှိဘူး။ ကြက်ခြံတွေနဲ့ ဈေး တွေမှာလည်း စစ်ဆေးကြပ်မတ်မှုတွေ လုပ်နေပါ တယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး'' ဟု ဒေါက်တာအေးအေးမော်က ဆိုသည်။
မကွေး-ကံပြားမြို့ဝင်ဂိတ်၊ ပုထိုးစမ်းရွာအနီးရှိ တောင်တွင်းအဝင်ဂိတ်နှစ်ခုတွင် စစ်ဆေးခြင်း၊ ကားပေါ်ပါလာသည့် ကြက်ဥနှင့်ကြက်များအား ဆေးဖျန်းမှုများလုပ်ဆောင်လျက်ရှိပြီး တောင် တွင်းဘက်ခြမ်းမှ ကြက်အရှင်နှင့် ဥဝင်ရောက်မှု နည်းပါးကြောင်း၊ အသားစားကြက်များမှာ နတ်မောက်လမ်းကြောင်းနှင့် ကြက်ဥများမှာ တောင်ကြီးမြို့ဘက်မှလာကာ မကွေး-ကံပြားဂိတ် ကိုဖြတ်သန်းဝင်ရောက်သည်ကိုတွေ့ရကြောင်း ၎င်းက ပြောကြားသည်။
မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ''ဒီမြို့နယ်ထဲမှာ မှတ်ပုံတင် ထားတဲ့ ကြက်ခြံ ၅ဝ ခန့်ရှိပြီးတော့ ဥစားကြက် ၅ဝဝဝဝ ကျော်၊ အသားစားကြက် အကောင်ရေ ၇ဝဝဝဝဝ လောက် ရှိတယ်။ ကြက်ခြံလုပ်ငန်း သမားတွေကိုလည်း ဇီဝလုံခြုံမှုမြှင့်တင်ဖို့၊ သန့်သန့် ရှင်းရှင်းထားဖို့၊ လုံခြုံတဲ့ခြံနဲ့မွေးမြူဖို့တွေကို အသိ ပေးဟောပြောတာတွေလုပ်ပါတယ်။ ဈေးတွေမှာ ကြက်သားရောင်းချသူတွေကိုလည်း ကျန်းမာရေးကောင်းတဲ့ကြက်နဲ့ကျန်းမာရေးမကောင်းတဲ့ ကြက် တွေရဲ့အခြေအနေတွေ ရှင်းပြတယ်။ လက်အိတ် စွတ်ဖို့ ၊ ကလီစာတွေကိုလည်း ပုံးထဲကိုစုထည့်ပြီး မြှုပ်ဖို့ ပညာပေးမှုတွေ လုပ်နေပါတယ်'' ဟု ပြော သည်။
H5N1ပိုးရှိသည့်ကြက်များတွင် အမောက်နှင့် ဇလုတ်များ ပြာနှမ်းနေခြင်း ၊ ခြေထောက်မှ သွေးယို စီးခြင်း၊ အသားများလတ်ဆတ်မှုမရှိဘဲ ပုံမှန်အသား အရောင်ဝင်းဝါနေရမည့်အစား ရောဂါကြောင့် သေ ၍ ညိုမည်းနေခြင်းများ တွေ့ရမည်ဖြစ်ပြီး စားသုံး သူနှင့် ရောင်းချသူအားလုံး ကြက်သားကိုကျက် အောင်ချက်စားရန်၊ စင်းတီတုံးများပြောင်အောင် ဆေးရန်၊ အသားနှင့် ဥများ ကိုင်ပြီးလျှင် လက်ကို ဆပ်ပြာနှင့်စင်ကြယ်စွာဆေးရန် အရေးကြီးကြောင်း ဦးစီးဌာနရုံးမှ သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment