Wednesday, August 30, 2017

ဈေးအကြီးဆုံးအငှားချကစားသမား

Image may contain: 1 person, standing and child
နွေဈေးကွက်တစ်ခုလုံးလှုပ်ခတ်ခဲ့တဲ့ မက်ပီရဲ့ အပြောင်းအရွှေ့ပြီးပြတ်သွားပြီးလို့ သိရပါတယ်။ မိုနာကိုက မက်ပီကို ပြင်သစ်လီဂူး-၁ ပြိုင်ဘက်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီ ပေါင် ၁၆၆သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပေမယ့် နေမာကို ဒီနှစ်နွေဈေးကွက်အတွင်းခေါ်ယူထားတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိစွန်းမှာ စိုးရိမ်တဲ့အတွက် ဒီနှစ်တော့ အငှားနဲ့သာခေါ်ယူပြီး လာမယ့်နှစ်နွေဈေးကွက်မှသာ အပြီးသတ်ဝယ်ယူမယ့် သဘောတူညီချက်နဲ့ ခေါ်ယူလိုက်တာပါ။ ဒီလို ပီအက်စ်ဂျီရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအပေါ် ကွက်ကျော်ရိုက်သွားတာကို ယူအီးအက်ဖ်အေတာဝန်ရှိသူတွေ ခံလိုက်ရပေမယ့် စည်းမျဉ်းအရ ဘာအမှားမှ မရှိတာကြောင့် လက်ပိုက် ကြည့်နေလိုက်ရတာဖြစ်ပါတယ်။
မက်ပီကို ဥရောပအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်၊ မန်ယူတို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှ ကြိုးပမ်းလာတဲ့ပီအက်စ်ဂျီရဲ့ လှုပ်ရှားမှုက အောင်မြင်ခဲ့တာပါ။ အစောပိုင်းကတော့ မက်ပီဟာ အာဆင်နယ်ကိုပဲ ရောက်တော့မလိုလို၊ ရီးယဲလ်မှာပဲ ကစားတော့မလိုလို၊ မန်စီးတီးနဲ့ပဲ ပူးပေါင်းတော့မလိုလို သတင်းတွေ အမျိုးမျိုးထွက်ခဲ့ပေမယ့်ခုတော့ ပီအက်စ်ဂျီအသင်းဆီ ရောက်သွားခဲ့ပါပြီ။ ပီအက်စ်ဂျီဟာ ယခုနှစ်နွေဈေးကွက်အတွင်း မထင်မှတ်တဲ့ အပြောင်းအရွှေ့ တွေကို အကြိမ်များစွာပြုလုပ်နေပြီး ဒန်နီအဲလ်ဗက်စ်တုန်းက တစ်ကြိမ်၊ နေမာအလှည့်ကဆိုရင် ကမ္ဘာ့ဘောလုံးပရိသတ်တွေကြား ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပြီးပါပြီ။
မက်ပီကိုခေါ်ဖို့ ကြိုးစားနေချိန်ကတည်းက နေမာကို ပေါင်သန်း ၂ဝဝနဲ့ ခေါ်ယူပြီးဖြစ်တဲ့ ပီအက်စ်ဂျီ ဘယ်လိုခေါ်ယူဖို့ ကြိုးပမ်းမလဲလို့ အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အချိန်မှာ ခုလို အောင်အောင်မြင်မြင် ခေါ်ပြခဲ့တာကတော့ တကယ်ကို ချီးကျူးစရာ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ပီဟာ လာမယ့်နှစ်နွေဈေးကွက်ရောက်ရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို တန်ဖိုးအကြီးဆုံး အငှားချခံ စူပါစတား ဖြစ်လာမှာတော့ အမှန်ပဲဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment