Wednesday, August 2, 2017

အင်္ဂလန်ကလပ်အသင်းကြီးများကြောင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ပိုမိုခက်ခဲမည်

Image may contain: 1 person, playing a sport
အင်္ဂလန်အင်အားကြီး ကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် မန်ယူတို့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရလာပြီဖြစ်သဖြင့် ယခုနှစ် ချန်ပီယံလိဂ်မှာ ပိုမိုခက်ခဲ လာမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီက သတိပေးစကား ဆိုလိုက်သည်။
ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်၏ ချန်ပီယံလိဂ် အစဉ်အလာရှိ မန်ယူနှင့် လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သလို ပရီမီယာလိဂ်အသင်းများထဲမှ လက်စတာတစ်သင်းသာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်လာနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ချယ်လ်ဆီး၊ စပါး၊ မန်စီးတီးတို့ တိုက်ရိုက်ဝင်ခွင့်ရထားသည့်အပြင် ယူရိုပါလိဂ်ချန်ပီယံ မန်ယူပါ ချန်ပီယံလိဂ် ဝင်ခွင့်ရထား သောကြောင့် အင်္ဂလန်အသင်းများ အင်ပြည့်အားပြည့်ယှဉ်ပြိုင်မှုကို မြင်တွေ့ရဖွယ်ရှိသည်။ ထို့ပြင် စတုတ္ထနေရာဖြင့်သာ ရာသီသိမ်းနိုင်သည့် လီဗာပူးလည်း ခြေစစ်ပွဲအောင်လျှင် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သဖြင့် ပရီမီယာလိဂ် ငါးသင်း အထိ ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိနေသည်။
ပရီမီယာလိဂ်အသင်းများတွင် ချန်ပီယံလိဂ်ကို နောက်ဆုံးဆွတ်ခူးထားနိုင်သည့်အသင်းမှာ ချယ်လ်ဆီးဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် ရယူနိုင်ခဲ့ခြင်းဖြစ်ရာ ချန်ပီယံလိဂ်အောင်မြင်မှုနှင့် ဝေးကွာနေသည်မှာ ငါးရာသီပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အန်စလော့တီက ''ဒီနှစ် ချန်ပီယံလိဂ်က အင်္ဂလန်အင်အားကြီးအသင်းတွေကြောင့် ပြိုင်ဆိုင်မှု ပိုပြင်းထန် လာမှာပါ။ ယူနိုက်တက်၊ စီးတီး၊ ချယ်လ်ဆီး၊ တော့တင်ဟမ်၊ လီဗာပူးတို့လေ၊ ကျွန်တော်ကတော့ ကလော့ပ်ရဲ့ လီဗာပူးလည်း ခြေစစ်ပွဲအောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဖြေကြားခဲ့သည်။
အန်စလော့တီ လက်ရှိကိုင်တွယ်နေသည့် ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဖလားကို ၂ဝ၁၃ ခုနှစ်တွင် နောက်ဆုံးရယူနိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင် အန်စလော့တီက ဦင်္းဆောင်မှုပေးနိုင်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment