Wednesday, August 30, 2017

မျိုးဆက်သစ်တို့နှင့် စာအုပ်စာပေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


၂၁ ရာစုသည် ကလေးသူငယ်တို့နှင့်  လူငယ်တို့အတွက် တပ်မက်ဖွယ်ရာ ဆွဲဆောင်မှုတို့ များပြားသော ခေတ်ကာလဖြစ်ပါသည်။ ကလေးသူငယ် တို့အတွက် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဂိမ်းတို့သည် လွန်ဆန်နိုင်စွမ်းမရှိသော ဆွဲဆောင်မှုများဖြစ်ပါသည်။ လူငယ်တို့သည် လက်ကိုင်ဖုန်းမျက်နှာပြင်ကို  ထိတို့ရုံမျှဖြင့် အင်တာနက်က္ဘာသို့ စီးမျောခွင့် ရရှိပိုင်ဆိုင်နေကြပါသည်။ အင်တာနက်က္ဘာသည် ပကတိက္ဘာကဲ့သို့ ထင်မှတ်မှားစေသော ခံစား ချက်တို့ကို ဖန်တီးနိုင်စွမ်းရှိသည်။ အင်တာနက်က္ဘာ၏ လူမှုမီဒီယာသည် လူငယ်တို့၏ အာရုံကိုတယ်လီဖုန်းမျက်နှာပြင်မှ ခွာထွက်မသွားစေရန် ဖမ်းစားထားပါသည်။ ကလေးသူငယ်တို့နှင့် လူငယ်တို့သည် အရုပ်၊ အသံ တို့၏ ဆွဲဆောင်မှုမှရုန်းထွက်ရန်မလွယ် ဖြစ်နေပြီ ဖြစ်ပါသည်။
၂ဝ ရာစု၌ ကြီးပြင်းလာသော လူကြီးလူလတ်တို့သည် မျိုးဆက်သစ် တို့အတွက် ရတက်မအေး ဖြစ်နေကြရပြီဖြစ်ပါသည်။ ဤဖြစ်ရပ်သည် တစ်က္ဘာလုံးအတိုင်းအတာနှင့် ကြုံတွေ့နေရသော ဖြစ်ရပ်ဖြစ်ပါသည်။  ၂ဝ ရာစု၌ ကြီးပြင်းလာသော လူကြီးလူလတ်တို့သည် စာအုပ်တို့၏ သင်ကြားမှုဖြင့် ကြီးပြင်းလူလားမြောက်လာကြသူများဖြစ်ပါသည်။ ဤ သည်မှာ မျိုးဆက်ကွာဟမှုဟု အလွယ်ရည်òန်းနိုင်သော်လည်း ကလေး သူငယ်များအပါအဝင် လူငယ်တို့က စာအုပ်တို့နှင့် ဝေးကွာနေခြင်းသည် အနာဂတ်အတွက် အမှန်တကယ် စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ စာအုပ်တို့သည် ခံစားချက်တို့ကို ရင့်ကျက်စေပါသည်။ အတွေးအမြင်တို့ကို ကျယ်ပြန့်စေပါ သည်။  တီထွင်ဖန်တီးမှုတို့ကို  ထုဆစ်ပေးပါသည်။  ဤအရည်အသွေး အားလုံးသည် လူ့သမိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေသော အရည် အသွေးများဖြစ်ပါသည်။
မြန်မာနိုင်ငံသည်လည်း   မျိုးဆက်သစ်တို့၌  စာအုပ်ယဉ်ကျေးမှု စိမ့်ဝင်ပျံ့နှံ့လာစေရန် အလေးအနက်ကြိုးပမ်းရမည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ သည်။ လူဦးရေ သန်း ၅ဝ ကျော်ရှိသောနိုင်ငံ၌ စာအုပ်တို့ကို ပုံမှန်အားဖြင့် ထောင်ဂဏန်းမျှသာ ဖြန့်ချိနိုင်ခြင်းသည် အလေးအနက်ကိုင်တွယ်ရမည့် ပြဿနာဖြစ်ပါသည်။ ကလေးသူငယ်တို့နှင့် လူငယ်တို့က စာအုပ်တို့အား စိတ်ဝင်စားဖတ်ရှုလာစေမည့် အကြံအစည်သစ်တို့ကို ကြံဆောင်ဖန်တီးကြ ရမည်ဖြစ်ပါသည်။ အချို့သော စာအုပ်အငှားဆိုင်တို့က အိမ်တိုင်ရာရောက် ပေးပို့၍ စာအုပ်အငှားဝန်ဆောင်မှုတို့ ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့လာရပါသည်။  စာအုပ်တိုက်တို့က  အိမ်တိုင်ရာရောက်  စာအုပ် ဖြန့်ဝေသည့်စနစ်ကို ပြုလုပ်လာကြပါသည်။
ဤသို့သော ဝန်ဆောင်မှုတို့ကို အချိန်တိုအတွင်း လွန်စွာသက်သာသော နှုန်းထားဖြင့် ဖော်ဆောင်ပေးမည့် စာပို့စနစ်တစ်ရပ် အကောင်အထည်ဖော် နိုင်ပါက မျိုးဆက်သစ်တို့အကြား စာအုပ်စာပေ ချစ်မြတ်နိုးစိတ်ကို ပံ့ပိုးကူညီပျိုးထောင်ပေးနိုင်မည်ဖြစ်ပါသည်။
မျိုးဆက်သစ်တို့က ဖမ်းစားနိုင်စွမ်းကြီးမားသော အရုပ်၊ အသံတို့မှ ရုန်းထွက်၍ စာအုပ်စာပေဘက်သို့ အာရုံရောက် စိတ်ဝင်စားလာစေရန် စိတ်ကူးအကြံအစည်သစ်များစွာကို ဖန်တီးကြရမည်ဖြစ်ကြောင်း လေးစား စွာနှိုးဆော်တင်ပြအပ်ပါသည်။        ။

No comments:

Post a Comment