Thursday, August 31, 2017

ပြည်သူ့ကျန်းမာရေးနှင့် ပြည်သူတို့၏အခန်းကဏ္ဍ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ရပ်သည်  ပြည်သူ လူထု၏ ကျန်းမာရေးနှင့်ပတ်သက်၍ တပ်လှန့်သံတစ်ရပ်ကို ပြုလုပ်လိုက် သည်ဟု ယူဆပါသည်။ ရှေးဦးစွာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို တင်ပြလိုပါသည်။ နိုင်ငံတော်အဆင့် အခမ်း အနားများ၌ တည်ခင်းဧည့်ခံသော အစားအသောက်တို့၌ ပိုးတွေ့ရှိကြောင်း ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အစားအသောက် နမူနာတို့ကို ကောက်ယူဓာတ်ခွဲစစ်ဆေး ချက်အရ အတို့အမြှုပ်နှင့်အသုပ်ဟင်းလျာများတွင် ရောဂါပိုးမွှား ပါဝင်မှု အများဆုံးဖြစ်ကြောင်း အဆိုပါ ဌာနထုတ်ပြန်ချက်အရ သိရှိရပါသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ စစ်ဆေးတွေ့ရှိချက် တို့အရ   အစားအသောက်ကိုင်တွယ်ချက်ပြုတ်ရသော  ပုဂ္ဂိုလ်တို့၏ တစ်ကိုယ်ရေသန့်ရှင်းမှုအပါအဝင် နှာခေါင်းစည်း၊ ခါးစည်းနှင့်လက်အိတ် တို့ကဲ့သို့သော သန့်ရှင်းမှုကို ဖန်တီးပေးသည့် အသုံးအဆောင်တို့သည် အစားအစာများပိုးမွှားကင်းရှင်းရေးအတွက်  အခရာဖြစ်သည်ကို တွေ့ရှိ ရပါသည်။
အရေးကြီးသောအချက်မှာ နိုင်ငံတော်အဆင့် အခမ်းအနားများ၌ တည်ခင်းဧည့်ခံသော အစားအသောက်တို့တွင် ပိုးမွှားများကိုတွေ့ ရှိခြင်း ဖြစ်ပါသည်။ ယေဘုယျအားဖြင့်  နိုင်ငံတော်အဆင့်အခမ်းအနားများ အတွက် အစားအသောက်တို့ကို ဟိုတယ်တို့ကသာ ပြင်ဆင်ချက်ပြုတ် ဧည့်ခံကြပါသည်။ ပုံမှန်အားဖြင့် ဟိုတယ်တို့သည် အစားအသောက်တို့၏ ဘေးကင်း အာဟာရရရှိရေးနှင့်ဝန်ထမ်းတို့၏  တစ်ကိုယ်ရေသန့်ရှင်းရေးကို  ပင်မဝန်ဆောင်မှုတစ်ရပ်အဖြစ် အထူးဂရုပြုဆောင်ရွက်လေ့ရှိပါသည်။ဤနေရာ၌ တင်ပြလိုသည်မှာ ဟိုတယ်တို့က တည်ခင်းဧည့်ခံသည့် အစား အသောက်များတွင် ရောဂါပိုးမွှားတို့ကို တွေ့ရှိရသည်ဆိုပါက  သာမန် ပြည်သူတို့၏  နေ့စဉ်အစားအသောက်များတွင်  ရောဂါပိုးမွှားတို့မည်မျှ များမည်ကို မှန်းဆကြည့်နိုင်ပါသည်။
ပို၍ အလေးအနက်ထား စဉ်းစားရမည့်ကိစ္စရပ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ နေ့စဉ် အစားအသောက်များတွင် မပါမဖြစ် ပါလေ့ရှိသော အတို့အမြှုပ်နှင့်အသုတ်ဟင်းလျာများတွင် ရောဂါပိုးမွှားတို့ကို အများဆုံး တွေ့ရှိရခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် သာမန်ပြည်သူတို့ နေ့စဉ် ဝယ်ယူစားသုံးကြသော အတို့အမြှုပ်နှင့် အသုတ်ဟင်းလျာတို့ကိုပြင်ဆင် ချက်ပြုတ်ပေးသည့် ဆိုင်ငယ်တို့၏ အစားအသောက်ဘေးကင်းလုံခြုံရေး နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအပေါ်  အလေးထားပြင်ဆင်နိုင်မှုတို့သည် ဟိုတယ်တို့နှင့်နှိုင်းယှဉ်ပါက သိသိသာသာ နိမ့်ကျနေသည်ကို တွေ့ရှိရ မည်ဖြစ်ပါသည်။ သာမန်ပြည်သူတို့၏ နေ့စဉ် အစားအသောက်တို့၌ ရောဂါပိုးမွှားတို့ မည်မျှပါဝင်မည်ကို မှန်းဆကြည့်နိုင်ပါသည်။
အဆိုပါ ရောဂါပိုးမွှားတို့ကြောင့် သာမန်မိသားစုတို့၏ ကျန်းမာရေး ကုန်ကျစရိတ် မည်မျှကုန်ကျမည်ကို လည်းကောင်း၊ နိုင်ငံတော်၏ ကျန်းမာ ရေးကုန်ကျစရိတ် မည်မျှကုန်ကျမည်ကို လည်းကောင်း တွက်ဆကြည့်နိုင် ပါသည်။ ဤအ္တရာယ်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတစ်ခုတည်းဖြင့်  ကာကွယ်ဖြေရှင်းပေးနိုင်မည်မဟုတ်ပါ၊  ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းလက်တွဲဆောင်ရွက်မှုဖြင့် ကာကွယ်ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူတို့အား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လိုအပ်သကဲ့သို့ ပြည်သူလူထုကလည်း  ရရှိလာသည့်အသိပညာတို့ကို  အမှန်တကယ် လိုက်နာကျင့် သုံးရန်လိုအပ်ပါသည်။ တစ်မျိုးသားလုံး၏ ကျန်းမာရေးကို တစ်မျိုးသားလုံး၏ ပူးပေါင်းလက်တွဲဆောင်ရွက်မှုဖြင့်သာ ရရှိနိုင်မည် ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။       ။

No comments:

Post a Comment