Thursday, August 31, 2017

ကုန်သွယ်စီးဆင်းမှုကို ကုစားဖြေရှင်း



မကြာသေးမီရက်ပိုင်းအတွင်းက မြန်မာ့ပဲလောကအတွင်း ဂယက်ရိုက် လှုပ်ခတ်သွားခဲ့သည်။ ဆန်စပါးကို အဓိကစိုက်ပျိုးသောနိုင်ငံတွင် ပဲလောက အတွက် အကျပ်ရိုက်မှုမှာ စိတ်ဝင်စားဖွယ်ပင်။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကအားထားစိုက်ပျိုးသည့်နိုင်ငံဖြစ်သော်လည်း စီးပွားရေး တွက်ခြေကိုက်သည့် ပြည်ပပို့ကုန်မှာမူ မြန်မာ့ပဲလောကမှ ပဲအမျိုးမျိုး ဖြစ်နေသည်။
တစ်ချိန်သောကာလက မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်မှာ ဆန်စပါးဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်ပပို့ကုန်အတွက် အားမထား ရဘဲ ပြည်တွင်းစားသုံးမှုအတွက်သာ အလုပ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်ပအဓိကပို့ကုန်မှာ မြန်မာ့ပဲအမျိုးမျိုးဖြစ်လာခဲ့ပြီး အများဆုံး ဝယ်ယူသည့်နိုင်ငံမှာ မြန်မာ့ပဲကို ကြိုက်နှစ်သက်သော အိန္ဒိယနိုင်ငံဖြစ် သည်။ ဝယ်ယူသော ပဲအမျိုးအစားမှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံဖြစ် သည်။
မြန်မာနိုင်ငံ၏ ပဲသုံးမျိုးကို နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ဖိုး အိန္ဒိယက ဝယ်ယူသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးသည့်ပဲစင်းငုံကို ၉၂ ရာခိုင်နှုန်း၊ မတ်ပဲကို ၇၇ ရာခိုင်နှုန်းနှင့် ပဲတီစိမ်းကို ၁ဝ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့ရသည်။ မတ်ပဲနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ခုနစ်သိန်း မှ ရှစ်သိန်းနီးပါးဈေးရခဲ့ပြီး အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုကန့်သတ်လိုက်ချိန် တွင် မတ်ပဲတစ်တန်လျှင် ကျပ် ခြောက်သိန်းခန့်နှင့် ပဲစင်းငုံတစ်တန် လျှင် ကျပ်ငါးသိန်းဝန်းကျင်သာ ဈေးပေါက်တော့သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဲတင်သွင်းမှုကို ကန့်သတ်လိုက် သလို ပဲဈေးနှုန်းကိုလည်း လျှော့ချလိုက်သည်။ အကြောင်းရင်းမှာ အိန္ဒိယ ပြည်တွင်း ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားအတွက်ဖြစ်သည်။ အိန္ဒိယ ပြည်တွင်း ပဲဈေးကျဆင်းမှုကို ကုစားရန်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံအတွက်မှာမူ ယခုနှစ်တွင် မတ်ပဲအတွက် ကျပ် ၅၄ ဘီလီယံခန့် နှင့် ပဲစင်းငုံအတွက် ကျပ် ၂ဝ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိနေသည်။
မြန်မာ့ပဲလောက အကျပ်အတည်းမှာ တောင်သူများအတွက် သာမက ကုန်သည်ပွဲစားများနှင့် နိုင်ငံ့စီးပွားရေးအတွက်ပါ ထိခိုက်နစ်နာ နိုင်သည်။ ထိုအရေးကို ကုန်သည်များ၊ ကုန်သည်အသင်းတို့အပြင် နိုင်ငံ့ ခေါင်းဆောင်များကပါ ဝိုင်းဝန်းအကြံထုတ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းအား ထုတ်ကြရသည်။ မကြာမီကာလ၌ မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် ရောက်ရှိလာမည့် အချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များ ညှိနှိုင်းပေးရန် လိုလားနေကြသည်။
မိမိနိုင်ငံ၏အကျိုးစီးပွားကို ဆိုင်ရာနိုင်ငံတို့က ဦးစားပေးအလေး ထားကြမည်သာဖြစ်သည်။ ဤအရေးသည် စီးပွားရေးလောကအတွက် သင်ခန်းစာယူစရာဖြစ်သည်။ ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာ့ကုန်သွယ်မှု ဈေးနှုန်းကျဆင်းခြင်းမဟုတ်ပါဘဲ အဓိကကျသော ပို့ကုန်များတွင် ကြုံတွေ့လာနိုင်သည့် နှစ်နိုင်ငံအနေအထားများကို မြော်တွေးသုံးသပ် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် လိုအပ်ချက်ဖြစ်သည်။ ယခုတစ်ကြိမ် ပဲလောကအပြောင်းအလဲကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းနှင့် အများဖြစ်ပေါ်နိုင်သည်။ နောက်တစ်ကြိမ်အတွက် တောင်သူများ အခြားသီးနှံတို့ကို ပြောင်းလဲစိုက်ပျိုးမည်ဆိုပါက မိမိယာမြေနှင့်ကိုက်ညီ သည့် သီးနှံ၊ မျိုးအလွယ်တကူရရှိမှု၊ သီးနှံပေါ်ချိန် ဈေးကွက်အာမခံချက် ရှိမှု စသည်တို့ကို ထည့်သွင်းတွက်ချက်ထားသင့်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင် လျက်ရှိပြီး တစ်ဖက်ကလည်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလေးထားဆောင်ရွက်နေရသည်။ ယင်းအချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်မှုတို့အတွက် များစွာဆောင်ရွက်ကြရဦး မည်ဖြစ်သည်။ ပို့ကုန်သီးနှံများအထွက်တိုးရေး၊ အရည်အသွေးကောင်းမွန် ရေး၊ ခေတ်မီသိုလှောင်ထိန်းသိမ်းမှုစနစ်ရှိရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို ကြိုးပမ်းအားထုတ်ကြရဦးမည်ဖြစ်သည်။
ယခု မြန်မာ့ပဲလောကဂယက်အတွက် အခက်အခဲများရှိတန်ကောင်း သော်လည်း နောင်အရှည်သဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည့် အစီအမံ ကောင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပြီး မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ရှုမြင်ပါသည်။

No comments:

Post a Comment