Tuesday, August 29, 2017

မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

Image may contain: one or more people, people standing and sunglasses
ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ ဝင်များသည် နယ်မြေအတွင်း သတင်း စုံစမ်းဆောင်ရွက်လျက်ရှိစဉ် သြဂုတ် ၂၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် ဖော့ကန်ဈေး မှတ်တိုင်ဘက်မှ (၁)ဂိတ်မှတ်တိုင် ဘက်သို့ မောင်းနှင်လာသောYBSယာဉ်လိုင်းအမှတ်(၄ဝ)ပေါ်မှ ဆင်းလာ သည့် လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သော ထွန်းတောက်(ခ)မြင့်ဦး(၆၂)နှစ်၊ အောင်ကျော် (၄၂)နှစ်၊ အောင်သူ မိုး (၂၃)နှစ်နှင့် အရှည်ကြီး(ခ)မောင်ငယ်(ခ)ဝင်းဦး (၄၈)နှစ်တို့ လေးဦးကို ထိန်းသိမ်းစစ်မေးရာ အောင်ကျော်ထံမှ ငွေကျပ် ၄ဝ၈ဝဝ ကိုတွေ့ရှိရပြီး ယင်းငွေများနှင့် ပတ်သက်၍စစ်ဆေးခဲ့ရာ အဆိုပါငွေ များအား ယင်းယာဉ်ပေါ်ပါ အသက် (၄ဝ)ခန့်ရှိ အမျိုးသမီးတစ်ဦး၏ဘေးလွယ်အိတ်အတွင်းမှ အောင်ကျော် နှိုက်ယူစဉ် ကျန်သူများက အိတ်များ ဖြင့် အကာအကွယ်ပေးပြီးနှိုက်ယူရရှိ ခဲ့သော ငွေများဖြစ်ကြောင်းပေါ်ပေါက် ခဲ့သည်။
အလားတူ ယင်းနေ့ညနေ ၅ နာရီ ခွဲခန့်တွင် အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းမှတ်တိုင်ဘက်မှ ပန်းခြံ မှတ်တိုင်ဘက်သို့ မောင်းနှင်လာသောYBSယာဉ်လိုင်းအမှတ် (၆)ပေါ်မှ ဆင်းလာသူ လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် ဗိုက်ပူ(ခ)စိုးပိုင် (၁၉)နှစ်၊ ဝင်းအောင် (၂၃)နှစ်၊ ဗိုက်ကလေး(ခ)မင်းသူရ(၂၈)နှစ်၊ မျိုးမြတ် (၁၈)နှစ်တို့ လေးဦးအား တွေ့ရှိသဖြင့် စစ်မေးရာ ဗိုက်ကလေး (ခ)မင်းသူရထံမှ ငွေကျပ် ၂၅ဝ၅ဝ အားတွေ့ရှိရပြီး ယင်းငွေများနှင့် ပတ်သက်၍စစ်ဆေးရာ ၎င်းယာဉ် ပေါ်ပါ အသက်(၃၅)နှစ်ခန့်ရှိ အမျိုး သားတစ်ဦး၏ဘေးလွယ်အိတ်အတွင်း မှ နှိုက်ယူစဉ် ကျန်သူများကလွယ်အိတ် များဖြင့် အကာအကွယ်ပေး၍ နှိုက်ယူ ရရှိခဲ့သောငွေများဖြစ်ကြောင်း ထပ်မံ ပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ဖမ်းဆီးရမိသူ ဝင်းအောင် ထံမှတွေ့ရှိသော SAMSUNG လက်ကိုင်ဖုန်းနှင့်ပတ်သက်၍ စစ်ဆေး ခဲ့ရာ အဆိုပါလက်ကိုင်ဖုန်းအား ဇူလိုင်လအတွင်းက ယင်းယာဉ်လိုင်း ပေါ်ပါ အသက် (၃ဝ)ခန့်ရှိ အမျိုးသားတစ်ဦး၏ ဘောင်းဘီ ရှေ့အိတ်ကပ်အတွင်းမှ နှိုက်ယူစဉ် ကျန်သူများကလူကာပေး၍ နှိုက်ယူ ရရှိခဲ့သော ဖုန်းဖြစ်ကြောင်း၊ ၎င်းအပြင် ဗိုက်ပူ(ခ)စိုးပိုင်ထံမှ တွေ့ရှိရသောHuaweiအမျိုးအစားလက်ကိုင်ဖုန်း နှင့် ပတ်သက်၍စစ်ဆေးခဲ့ရာ သြဂုတ် ၂၄ ရက် ညနေ ၃ နာရီခန့်တွင် ယင်းယာဉ်ပေါ်ပါ အသက်(၂၅) နှစ် ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ကျောပိုး အိတ်အတွင်းမှနှိုက်ယူစဉ် ကျန်သူများ က လူကာပေးခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။
ယင်းသို့ ယာဉ်လိုင်းများပေါ်တွင် ခရီးသည်အသွင်ဖြင့် လိုက်ပါ၍ ခါးပိုက်နှိုက်မှု အကြိမ်ကြိမ်ကျူးလွန် သူများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိကာ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
(ကိုရဲ)

No comments:

Post a Comment