Tuesday, August 1, 2017

ပညာရေးရုပ်မြင်သံကြားလိုင်းတစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန်အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြု

Image may contain: 1 person, sitting, suit and indoor
နေပြည်တော် ဇူလိုင် ၃၁
မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အထောက်အပံ့ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း (Government Education TV Channel)တစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။
အဆိုနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တိုးချဲ့မည်ဆိုပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်သံဆိုင်ရာအခြေခံ အဆောက်အအုံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထုတ်လွှင့် မည့်အစီအစဉ်များကို ပညာရေးဝန်ကြီးဌာနက ရိုက်ကူး ထုတ်လွှင့်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ရုပ်သံလိုင်းကို MRTV ၏ Multichannel လိုင်းများထဲတွင် ထည့်သွင်းထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ရိုက်ကူးရေး ဆောင်ရွက်မည့် Studio ၏ တည်နေရာအပေါ်မူတည်ပြီး လိုသည့်စက်ပစ္စည်းများ ဖြည့်တင်းတပ်ဆင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖိုက်ဘာဆက်ကြောင်းတည်ဆောက်ခြင်း၊ ရန်ကုန်နှင့် နေပြည်တော်(တပ်ကုန်း)ရှိ Satellite Earth Station တွင် စက်ပစ္စည်းများ ထပ်မံတပ်ဆင်ခြင်း၊ Studio တည်ဆောက်ခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်း၊ ဖိုက်ဘာဆက်ကြောင်းငှားရမ်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ကုန်ကျစရိတ်များကို ပညာရေးဝန်ကြီးဌာန၏ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပညာရေးရုပ်မြင်သံကြားလိုင်း ထုတ်လွှင့်မှု ဖြစ်မြောက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော်သို့တင်ပြခဲ့သည်။
ယင်းအဆိုကို အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၊ ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်းတို့က ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက သင်ကြားမှု၊ သင်ယူမှုလုပ်၍ရသည့် နေရာမှန်သမျှသည် စာသင်ခန်းဖြစ်ပါကြောင်း၊ အနာဂတ်ပညာသင်ယူမှုပုံစံသည် ကျောင်းသားက ကျောင်းကိုသွားစရာမလိုတော့ဘဲ ကျောင်းက ကျောင်းသားတွေဆီကိုလာတော့မည်ဖြစ် ပါကြောင်း၊ အမေရိကန်တက္ကသိုလ်ကဘွဲ့ကို အင်္ဂလန်မှ ကျောင်းသားက အိုးမကွာ အိမ်မကွာ အင်တာနက်၊ ကွန်ပျူတာများနှင့်ချိတ်ဆက်ကာသင်ယူပြီး ဘွဲ့ယူနိုင်တော့ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေး TV Channel လိုင်းတစ်ခု လိုအပ်နေပါကြောင်း၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ပါမောက္ခကြီးက TV Channel ပေါ်တွင် စာများကို အလွတ် ရွတ်ပြနေရုံမျိုးဖြင့် ထုတ်လွှင့်မည်ဆိုပါက စိတ်ဝင်စားမှု ရရှိမည်မဟုတ်ပါကြောင်း ဆွေးနွေးသည်။
အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်က တောင်ပေါ်မြေပြန့်၊ မြို့နယ်ကျေးလက်များပါမကျန် ပြည်သူများသိရှိစေရေးအတွက် ပညာရေးဆိုင်ရာ Education TV Channel လိုင်းဖွင့်လှစ်ပေးကာ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံသင့်ပါ ကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ကိုယ့်ကျင့်သိက္ခာ ပိုင်း၊ စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း ဘက်စုံတိုးတက် ကောင်းမွန်အောင် ဇာတ်လမ်း၊ ဇာတ်ကွက်များ၊ ပညာပေး အစီအစဉ်များဖြင့် စဉ်ဆက်မပြတ်ထုတ်လွှင့်ပြသပေးခြင်း ဖြင့် လူငယ်များ၏အနာဂတ်အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးမညီမျှမှုကိုလည်း ထိန်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ Education TV Channel သီးသန့်ရှိပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့် ပြသပေးမည်ဆိုပါက ပညာရေးစနစ် လျင်မြန်စွာထိရောက် အောင်မြင်နိုင်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ထို့ပြင် ယင်းအဆိုနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုကို အတည်ပြုသင့်ပါကြောင်းနှင့် ထောက်ခံကြောင်း လွှတ်တော်သို့ သဘောထားမှတ်ချက်ပေးခဲ့ပြီး TV Channel သီးခြားလိုင်းတစ်ခုဖြင့် ပညာရေးပို့ချချက်များ၊ မှတ်တမ်းများ၊ ဇာတ်လမ်းများ ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့် ပူးပေါင်းပြီးပညာရေးရုပ်မြင်သံကြားလိုင်း သီးခြားဖြစ်ပေါ် လာရေးအတွက် လိုအပ်လာမည့် Studio၊ ဖိုက်ဘာ ဆက်ကြောင်းများနှင့် ICT ဆိုင်ရာပစ္စည်းများ၊ ကျွမ်းကျင် သူများ၊ ပညာရှင်များနှင့် အခြားလိုအပ်သောပစ္စည်းများကို နိုင်ငံတော်၏ခွင့်ပြုချက်ဘဏ္ဍာငွေဖြင့် ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်များအလိုက် ပညာရေးဝန်ကြီးဌာနက ရန်ပုံငွေလျာထား တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေး ရုပ်မြင်သံကြားလိုင်းဖြစ်ပေါ်လာရေးအတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် နေ့ချင်းညချင်း ဆောင်ရွက်၍မရပါကြောင်း၊ စနစ်တကျ ရေတို၊ ရေရှည်စီမံချက်များဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များအတွက် သင့်တော်သည့်အချိန်ယူပြီး စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယနေ့အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းများအသုံးပြု၍ စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင်သတိပေးချက်ထုတ်ပြန်ရေးစနစ် (SMS DISASTER ALERTS SYSTEM) ဖြင့် ကြိုတင်သတိပေးခြင်းဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂ဝ၁၅-၂ဝ၁၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ရေဘေးများတွင် Pilot အနေဖြင့် မိုးလေဝသအခြေအနေ သတိပေးချက်များကို SMS ဖြင့် ပေးပို့နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍အရေးကြီး Alerts များကို အခမဲ့ ပေးပို့နိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။
ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန်အတွက် Disaster Alert Notification Mobile Application (Dan Myanmar) ကို ပြည်သူများထံ စတင်မိတ်ဆက်ပေးခဲ့ပါကြောင်း၊ Disaster Alert Notification Mobile Application တွင် သတင်း၊ အရေးပေါ်ဖုန်းနံပါတ် များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်၊ ပညာပေး နှင့် မိုးလေဝသသတင်းအခြေအနေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်နှင့် အရေးကြီးသတင်း Alerts ကဏ္ဍများထည့်သွင်းထားပြီး မိုဘိုင်း တယ်လီဖုန်းသုံးစွဲသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုဘိုင်းဖုန်းများအသုံးပြု၍ SMS Disaster Alerts System ဖြင့် ကြိုတင်သတိပေးခြင်းများ ပိုမိုအဆင်ပြေထိရောက်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဆက်လက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးနှင့် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းတို့၏ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စာမေးပွဲ များကျင်းပပေးရေး၊ တရားမဝင်ပစ္စည်းများကို ရှာဖွေဖမ်းဆီးရရှိရာတွင် မိုးညှင်းမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားမှု၊ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ ယာဉ်မောင်းလိုင်စင်လျှောက် ထားမှုငြင်းပယ်ခံနေရပါသဖြင့် ဆောင်ရွက်ပေးရေး၊ ကလေးမြို့နယ်အတွင်းရှိ ကူးတို့များကို တောင်သူများအား ပြောင်းလဲလုပ်ပိုင်ခွင့်ပေးရေးနှင့် ရွှေကူမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးဌာန (ကညန)ရုံးခွဲ (OSS)ဖွင့်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြင့်အောင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ''မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြမ်း'' ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာဖတ်ကြားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်သော စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သောဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန်ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းခံသည်။
ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment