Tuesday, August 1, 2017

လွိုင်ကော်မြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ထား

Image may contain: 1 person
နေပြည်တော် ဇူလိုင် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး(၃၅)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေ၏ ဒီးမော့ဆိုမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လွိုင်ကော်မြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်ရန်အတွက် စီမံဆောင်ရွက်ထားပါ ကြောင်း၊ လွိုင်ကော်မြို့နှင့် ဒီးမော့ ဆိုမြို့သည် ခရီးအကွာအဝေး (၁ဝ) မိုင်သာရှိသည့်အတွက် ဒီးမော့ဆို မြို့နယ်ရှိ တိုင်းရင်းသားလူငယ်များ အနေဖြင့် လွိုင်ကော်မြို့၌ ဖွင့်လှစ်မည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာ သင်တန်း ကျောင်း၌ အလွယ်တကူတက်ရောက် ပညာသင်ကြားနိုင်မည် ဖြစ်ပါ ကြောင်း။
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများသည် မြို့နယ် တစ်မြို့နယ်တည်းအတွက်သာ ကိုယ်စားပြုခြင်းမဟုတ်ဘဲ သင်တန်းကျောင်း ဖွင့်လှစ်သည့် မြို့နယ်နှင့် ဆက်စပ်ဒေသများမှ တိုင်းရင်းသား လူငယ်များကိုပါ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ထိုကြောင့် ဒီးမော့ဆိုမြို့နယ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာသင်တန်းကျောင်း ဖွင့်လှစ်ရန် လတ်တလောအစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးခင်မောင်လတ်၏ ရခိုင် ပြည်နယ်၌ ရေကျရေဆင်းများသော တာတမံများရှိ ရေထုတ်ပြွန်များ၏ အကျယ်ပမာဏနှင့် အရေအတွက်ကို တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင်ပြည်နယ်အတွင်း ဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေငန်တားတာ ၃၂ ခု၊ ရေငန်တား တာများနှင့်ဆက်စပ်လျက် ထည့်သွင်း တည်ဆောက်ထားသော ရေတံခါး ၆၁ ခု၊ ဌာနမှ တည်ဆောက်ပြုပြင်ပြီး ဒေသခံလယ်သမားများက ထိန်းသိမ်း ထားသော ရေငန်တားတာ ၁၃ ခုနှင့် လယ်သမားတာ(ကာရီ) ၁ဝ၁ ခု ရှိပါ ကြောင်း။
ရခိုင်ပြည်နယ်ရှိ တာတမံနှင့် ရေတံခါးများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများ အလိုက် ခွဲဝေရရှိသော ရန်ပုံငွေ အပေါ်မူတည်၍ စီမံဆောင်ရွက်ရ သည့်အတွက် အချို့သော ရေတံခါး များကို တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ တာတမံများတွင် ထည့်သွင်းတည်ဆောက်ထားသော ရေတံခါးများ၏ လိုအပ်သော အရေအတွက်နှင့် အတိုင်းအတာများကို ဌာနအနေဖြင့် လိုအပ်သလိုတွက်ချက် ပြီး လျာထားတည်ဆောက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်း၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်ဆွေ၊ မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်ဆွေ၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးကျော်မြင့်ဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစိုင်းလုံစံခတ်၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၊ မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင် ဌေး၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ မဲဆန္ဒနယ်အမှတ်(၈) မှ ဦးဝင်းမြင့်၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ မွန် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိမ်းဆွေတို့က ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစိုးဝင်းက အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် မူလဥပဒေပုဒ်မ(၃) ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င)အဖြစ် ''တောင်ယာမြေ ဆိုသည်မှာ တောင်တန်းဒေသ၊ ကုန်းမြင့်ဒေသများနှင့် တောင်ရိုးတောင်စွယ်များရှိ သစ်ပင်ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်း၍ အလှည့်ကျမြေအနားပေး စနစ်ဖြင့် စိုက်ပျိုးသောမြေကို ဆိုလိုသည်''ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ် ကို ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း၊ ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်များ ချထားပေးသည့်အခါတွင် ပင်မလယ်ယာမြေ လုပ်ပိုင်ခွင့်ချထားမှုများနှင့် သဘောသဘာဝခြင်းမတူဘဲ သီးခြားလုပ်ထုံးလုပ်နည်းများချမှတ်ပြီး ဆောင်ရွက်သည့် မြေအမျိုးအစား ၃ ခု ရှိပါကြောင်း၊ ယင်းတို့မှာ မြေလွတ် မြေရိုင်း၊ မြေနုကျွန်းနှင့် တောင်ယာလုပ်ပိုင် ခွင့်များဖြစ်ပါကြောင်း၊ အဆိုပါ မြေ ၃ မျိုးအနက် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတစ်ရပ်ရပ်အဖြစ် သီးခြားထွက်ရှိပြီး ဖြစ်ပါကြောင်း၊ ထို့အတူ မြေနုကျွန်း လုပ်ပိုင်ခွင့်မှာလည်း ၂ဝ၁၂ ခုနှစ် လယ်ယာ မြေဥပဒေတွင် ပါဝင်ပါကြောင်း၊ သို့ရာတွင် တောင်ယာခုတ်ထွင် လုပ်ပိုင်ခွင့် တစ်ခုတည်းသာ ကျန်ရှိ သည့်အတွက် ယခုကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အသစ်ဖြည့်ရန် တင်ပြရခြင်းဖြစ်ပါကြောင်း စသည် ဖြင့် ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်းက မူလ ဥပဒေ၏ အခန်း(၄) ပုဒ်မ (၁၄)အား လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိ ဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့ အစည်းကိုမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ် ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ ဟူ၍ ပြင်ဆင်လိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ရခြင်းသည် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အရပ်ဒေသအချို့တွင် နိုင်ငံခြားသားများက ဖရဲစိုက်ပျိုးရန် တစ်နှစ်မြေငှားရမ်းပြီး စိုက်ပျိုးခဲ့ပါ ကြောင်း၊ စိုက်ပျိုးမြေတွင် ၄င်းတို့က ဓာတ်မြေသြဇာများ အလွန်အကျွံ သုံးစွဲခဲ့သည့်အတွက် မြေဆီလွှာများ ပျက်စီးခဲ့မှု ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ရခြင်းဖြစ်ပါ ကြောင်း စသည်ဖြင့် ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိမ်းဆွေက မူလ ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ အနက် ပုဒ်မ(၃)၊ ပုဒ်မခွဲ(ည)အား တောင်သူလယ်သမား အဖွဲ့အစည်း ဆိုသည်မှာ တောင်သူလယ်သမား အကျိုးစီးပွားနှင့် အခွင့်အရေးများအတွက် ကိုယ်စားပြုဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော ဥပဒေ တစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော တောင်သူလယ်သမား အဖွဲ့အစည်းကို ဆိုသည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစားထိုး ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း။
ယခုကဲ့သို့ ထောက်ခံရခြင်းသည် ဥပဒေ၏ အခန်း(၅) လယ်ယာမြေစီမံ ခန့်ခွဲမှု အဆင့်ဆင့် ဖွဲ့စည်းခြင်းပါ ပုဒ်မ(၁၅)(က)အား လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများမှ အကြီးအမှူးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊ ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော တောင်သူလယ်သမားအဖွဲ့အစည်းမှ ရွေးချယ်တာဝန်ပေးသည့် တစ်ဦးဦး အဖွဲ့ဝင်များအဖြစ် ပါဝင်သော ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ သို့မှသာ ပြည်သူများနှင့် တောင်သူ လယ်သမားများ၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို တာဝန်ယူတင်ပြ ပေးမည့် တောင်သူလယ်သမားထု၏ ကိုယ်စားပြုမှုများ ပါဝင်လာ၍ စီမံခန့်ခွဲမှုများ ပိုပြီးပြည့်စုံပီပြင်လာ မည်ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးသည်။
ယင်းနောက် လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များကို ဥပဒေ ကြမ်းကော်မတီတွင် ပြန်လည်ကြားနာ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၆ ရက် မြောက်နေ့ကို သြဂုတ် ၂ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊ မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment