Thursday, August 3, 2017

အလျား ၁၆၇ မီတာနှင့်အထက် ပင်လယ်ကူးကုန်တင်သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်

Image may contain: sky, bridge, outdoor and water
ရန်ကုန် သြဂုတ် ၂
ရန်ကုန်ဆိပ်ကမ်းသို့ အလျား ၁၆၇ မီတာနှင့်အထက် ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်ဆိပ်ကမ်းသည် ရန်ကုန်မြစ်ပေါ်တွင် တည်ရှိသော မြစ်ဆိပ်ကမ်း River Port ဖြစ်သည့်အတွက် ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ကုန်တင်/ကုန်ချ သင်္ဘောကြီးများ၏ ရေစူးနှင့် အရှည်(Length Over All) တို့အား ကန့်သတ်ထားရှိပြီး ခွင့်ပြု ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ယင်းအပြင် မြစ်ဆိပ်ကမ်းများ သို့ ဝင်ရောက်မည့် သင်္ဘောကြီးများသည် အပြင်စည်းခုံရေလမ်းကြောင်း (Elephant point) နှင့် အတွင်းစည်းခုံ ရေလမ်းကြောင်း (Monkey Point) တို့ကို ဖြတ်သန်းပြီးမှ ဝင်ရောက်ကြ ရခြင်းဖြစ်သည်။
ယင်းအတွက် အတွင်းစည်းခုံ ရေလမ်းကြောင်းကို (Length Over All) အလျား ၁၆၇ မီတာ၊ DWT ၁၅ဝဝဝ တန်၊ ရေစူး ကိုးမီတာရှိသော ရေယာဉ်ကြီးများသာ ဝင်ရောက်ခွင့်ပြုခဲ့ရာမှ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်ရန်အတွက် (Length Over All) ရှည်လျားပြီး ရေစူးများသော ရေယာဉ်ကြီးများ ဝင်ရောက်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ရေယာဉ်ကြီးများ ဝင်ရောက်နိုင်ခြင်းဖြင့် ကုန်တန်ချိန်များကို ပိုမိုသယ်ဆောင် လာနိုင်မည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းသည် ထုတ်ကုန်၊ သွင်းကုန်များ ကိုင်တွယ် တင်/ချရာ အဓိကဆိပ်ကမ်းဖြစ်သည်နှင့်အညီ ကုန်တန်ချိန်များများ သယ်ဆောင်နိုင်ခြင်းဖြင့် သယ်ယူပို့ ဆောင်စရိတ်ကျဆင်းပြီး စားသုံးသူပြည်သူများ သက်သာ သော ဈေးနှုန်းဖြင့် ကုန်စည်များကို အသုံးပြုနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ယင်းကြောင့် ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်း ဌာနတို့မှ မြစ်ကြောင်းတစ်လျှောက် စနစ်တကျ တိုင်းတာ စစ်ဆေးမှုများ စဉ်ဆက်မပြတ်ပြုလုပ်ပြီးနောက် ပထမဦးစွာ (Length Over All) ၁၉ဝ မီတာရှိသော အထွေထွေ ကုန်ပစ္စည်းတင် ရေယာဉ်ကြီးများအား အတွင်းစည်းခုံ ရေလမ်းကြောင်းမှ ဖြတ်သန်း၍ ဆူးလေဆိပ်ကမ်းသို့ ဆိုက်ကပ်စေခဲ့ပြီး မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သော ဆန်များကို တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။ ယင်းအတွက် နိုင်ငံတော်၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအား တိုးတက်အောင်မြင်အောင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာများ တင်/ ချသော ခေတ်မီဆိပ်ကမ်းကြီးများရှိသော်လည်း အထွေထွေကုန်ပစ္စည်းတင်/ချသည့် ဆိပ်ကမ်းအနေဖြင့်မူ ဆူးလေဆိပ်ကမ်းမှာ အဓိကနေရာမှ ပါဝင်နေဆဲဖြစ်သည်။ အထူးသဖြင့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ကောက်ပဲ သီးနှံများကိုဆူးလေဆိပ်ကမ်းမှသာ အဓိကတင်ပို့ကြောင်း တွေ့ရပြီး ယခင်က ဘိလပ်မြေနှင့် သစ်လုံးများကိုလည်း ဆူးလေဆိပ်ကမ်းက အဓိကတင်/ပို့ခဲ့သည်။ ယင်းအပြင် တည်ဆောက်ရေးပစ္စည်းများဖြစ်သည့် Steel နှင့် Steel Products ပစ္စည်းများမှာလည်း ဆူးလေဆိပ်ကမ်းကပင် အဓိကကိုင်တွယ်ပေးကြောင်းသိရသည်။ မြန်မာနိုင်ငံ၏အဓိကပို့ကုန်ဖြစ်သော ဆန်ကို ဆူးလေဆိပ်ကမ်းက တင်ပို့ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်မှာပင် စုစုပေါင်း ဆန်မက် ထရစ်တန်ချိန် ၄၉၈ဝ၁ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆူးလေဆိပ်ကမ်းမှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီး ဖြစ်သော်လည်း ဆိပ်ကမ်းသို့ ဝင်/ထွက်သည့်ရေယာဉ်များ အတွက်မူ ရေယာဉ်၏အလျား L.O.A ကို သမိုင်းတစ်လျှောက်လုံး ၁၆၇ မီတာသာ သတ်မှတ်ခဲ့ရာမှ ယခု အစိုးရလက်ထက်တွင် လိုအပ်သော ရေလမ်းကြောင်းများ သောင်တူးဖော်ပေးခြင်း၊ ရေကြောင်းလမ်း ပုံမှန် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၆-၄-၂ဝ၁၇ ရက် တွင် ရေယာဉ်အလျား L.O.A မီတာ ၁၉ဝ ရှိသော MV. TOP FAIR အမည်ရှိ သင်္ဘောကြီးမှာ ဆူးလေဆိပ်ကမ်း အမှတ် ( ၅ ) သို့အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ခဲ့သဖြင့် ဆိပ်ကမ်းသမိုင်း စာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့ပြီးဖော်ပြပါ MV. TOP FAIR အမည်ရှိ သင်္ဘောမှာ အလျား L.O.A မီတာ ၁၉ဝ၊ ရေစူး ၈ ဒသမ ၆ မီတာ ရှိပြီး ကုန်တန်ချိန် ၅ဝဝဝဝ တင်နိုင်သည်။ အလားတူ ရေယာဉ်အလျား L.O.A ၁၉၁ မီတာရှိပြီး ရေစူး ၆ ဒသမ ၇၅ မီတာ ရှိသည့် MV.MARILIA အမည်ရှိ သင်္ဘော၊ ရေယာဉ် အလျား L.O.A မီတာ ၁၉ဝ ရှိပြီး ရေစူး ၇ ဒသမ ၃ မီတာရှိသည့် MV.TETON အမည်ရှိ သင်္ဘောတို့မှာလည်း ဆူးလေဆိပ်ကမ်းသို့ အန္တရာယ်ကင်းစွာ ဝင်ရောက်ဆိုက် ကပ်ပြီး ကုန်တင်/ ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်းသိရသည့်အတွက် ဆိပ်ကမ်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာကြောင်း သိရသည်။
ဆူးလေဆိပ်ကမ်းသို့ ၁၆၇ မီတာအထက် Steel နှင့် Steel Products သင်္ဘောတစ်စင်းနှင့် ဆန်တင်သင်္ဘောကိုးစင်း စုစုပေါင်းသင်္ဘောကြီး ၁ဝ စင်း ဆိုက်ကပ်ပြီးဖြစ် ကြောင်းသိရသည်။
(ဝဝ၁)

No comments:

Post a Comment