Thursday, August 3, 2017

တန်ဖိုးရှိသောလူ့ဘဝများကိုကာကွယ်


မော်တော်ယာဉ် မတော်တဆဖြစ်မှု၊ မော်တော်ယာဉ် မဆင်မခြင်မောင်းနှင် မှုတို့ကြောင့် တန်ဖိုးရှိသောလူ့ဘဝများ ထိခိုက်ပျက်စီးနေသည်ကို နေ့စဉ် မြင်တွေ့ကြားသိနေရသည်။ မော်တော်ယာဉ်တိုက်မိသည့် အမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ လူသေဆုံးမှုများကို သက်ဆိုင်ရာက မကြာခဏ ထုတ်ပြန်အသိပေးမှုများ ပြုလုပ်နေသော်လည်း မော်တော်ယာဉ်တိုက်မိမှုများမှာ လျော့ကျသွားသည်မရှိဘဲ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပွားနေသည်ကို မြင်တွေ့နေရသည်။
ထိုသို့ ဖြစ်ပွားနေရသည့်အကြောင်းအရင်းမှာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း၊ လူစည်းကမ်းတို့ကို တိကျစွာလိုက်နာမှု အားနည်းနေဆဲ ဖြစ်သောကြောင့်ဟု ဆိုနိုင်သည်။ အထူးသဖြင့် အမြန်လမ်းမကြီးများ၊ အဝေးပြေးလမ်းမကြီးများနှင့် မြို့တွင်းလမ်းများတွင် ဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင် သူများကြောင့် ပိုမိုဖြစ်ပွားသည်ကို တွေ့ရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်များတွင် မဆင်မခြင်မောင်းနှင်မှုများကြောင့်သာ အဖြစ်ဆိုးများနှင့် ကြုံကြရသည်။
ထို့ကြောင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်သည့် ဇွန် ၁ ရက်မှစတင်ပြီး မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်မှုတွေ့ရှိပါက အရေးယူလျက်ရှိသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ခရီးသည်တင်ယာဉ်များ ကီလိုမီတာ ၉ဝ၊ လိုက်ထရပ် ယာဉ်၊ ဟိုက်ဂျက်ယာဉ်ငယ်များ ကီလိုမီတာ ၆ဝ ထက်မပိုဘဲ မောင်းနှင်ရန် သတ်မှတ်၍ လိုက်နာမှုမရှိပါက ပညာပေးကာလ၌ သတိပေးပြီး စက်တင်ဘာလမှစ၍ အရေးယူမည်ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားရာတွင် လွဲမှားသောယာဉ်ကျော်တက်မှုကြောင့် ယာဉ်တိုက်မှုအဖြစ်များသည်ကို တွေ့ရသည်။ ထို့ကြောင့် စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီမှစတင်ပြီး တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေပြေးလမ်း၊ အမြန်လမ်းများအားလုံးတွင် ယာဉ်မောင်းများအားလုံး အမှန်မီးအချက်ပြမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပြောင်းလဲကျင့်သုံးတော့မည်ဖြစ်သည်။ မော်တော်ယာဉ်ကျော်တက်နိုင်ကြောင်းကို ယာဉ်၏ လက်ယာဘက်မီးဖြင့် မှန်ကန်စွာအချက်ပြခြင်းကို အလေးထားလိုက်နာကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ထားသည်။ လက်ရှိတွင် ယာဉ်ကျော်တက်ရန်အတွက် လက်ဝဲဘက်မီးဖြင့် အချက်ပြလေ့ရှိရာ မလိုလားအပ်သော ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း တိကျစွာလိုက်နာရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြပ်မတ်ဆောင် ရွက်နိုင်ရန်မှာ လွယ်ကူသောအလုပ်မဖြစ်ပေ။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စည်းကမ်းလိုက်နာမှုအပိုင်းမှာ အရေးကြီးပြီး ပြည်သူအများစုမှာ စည်းကမ်းလိုက်နာမှု အားနည်းကြသည်ကို တွေ့ရသည်။ အထူးသဖြင့် မော်တော်ယာဉ်မောင်းနှင်သူများမှာ စည်းကမ်းထိန်းသိမ်းရေးရှိလျှင် လိုက်နာကြပြီး စည်းကမ်းထိန်းသိမ်းရေးမရှိလျှင် ယာဉ်ကိုမောင်းနှင်ချင်သလို မောင်းနှင်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ယာဉ်တိုက်မှုများမှာ လျော့ကျမသွားဘဲ တိုးနေခြင်းဖြစ်သည်။
တိုးတက်လာသော ခေတ်ကာလတွင် မော်တော်ယာဉ်ထိန်းသိမ်း ကြပ်မတ်မှုများကို နည်းပညာဖြင့် ထိန်းကျောင်းခြင်းဖြင့်သာ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယာဉ်များ၊ လမ်းများတွင် စောင့်ကြည့်နည်း စနစ်များတပ်ဆင်ထားပြီး မောင်းနှင်နေသောယာဉ်များ သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ လိုက်နာမောင်းနှင်ခြင်းရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးအရေးယူဆောင်ရွက်ခြင်းဖြင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ တန်ဖိုးရှိသော ပြည်သူများ၏ဘဝ မလိုလားအပ်ဘဲမပျက်စီး၊ မဆုံးရှုံးစေရေးအတွက် စည်းကမ်း လိုက်နာမှု အားနည်းချက်အမျိုးမျိုးတို့ကို မျက်ခြည်မပြတ် အကဲခတ်စစ်ဆေး ထိန်းကျောင်းရေးနည်းစနစ်များဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခြင်းသည်သာ အောင်မြင်ထိရောက် ခရီးပေါက်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

No comments:

Post a Comment